နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာတွင် ကမ်းပါးပြို၍ ရွှေ့ပြောင်းသည့် ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော် စက်တင်ဘာ ၂၆

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက် နံနက် ၂ နာရီခွဲခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ နေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုတွင် ယာယီမြေထိန်းနံရံ ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်လေးလုံးအတွက် တစ်အိမ်လျှင် ဆန် ၂၄ ပြည်အိတ် တစ်အိတ်၊ ဆီ ငါးပိဿာ တစ်ပုံးနှင့် ခေါက်ဆွဲခြောက်ထုပ် တစ်ဖာနှုန်း ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး ယာယီ မြေထိန်းနံရံဆောင်ရွက်မည့် လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့ သည့် နေအိမ် လေးလုံးကို စက်တင်ဘာ ၂၂ ရက်က နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် လေးသိန်း၊ လူ ၁၉ ဦးအတွက် တစ်ဦးလျှင်ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၃၉၉၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်ပုံးနှုန်းဖြင့် ကယ်ဆယ်ရေးပစ္စည်း လေးပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး နေပြည်တော် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးဆုံးဖြတ်ရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ဖြည့်စွက်ဆွေးနွေးတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ ကြောင်းသိရသည်။

(သတင်းစဉ်)