နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိခွဲစိတ်ကုသ ဆောင်ရွက်ပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် မေ ၂၈

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်/ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော်အလင်းစီမံချက်ဖြင့် ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံပြည်သူများ အခမဲ့မျက်စိ ခွဲစိတ်ကုသပေးပြီး ကျန်းမာရေးစောင့် ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

 

ထိုသို့ကြည့်ရှုစဉ် နေပြည်တော်တိုင်း ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက မျက်စိအထူးကု ဆရာဝန်ကြီး အပါအဝင် အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများ အခမဲ့မျက်စိခွဲစိတ် ကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို လိုက်လံရှင်းလင်းပြသရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်ကုသမှု ခံယူပြီးသည့် လူနာများကို ဆေးမျက်မှန်များ တပ်ဆင်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး ဆေးရုံအတွင်း မျက်စိကုသဆောင်တွင် ခွဲစိတ်ကုသမှုခံယူနေသည့် လူနာများ၊ ခွဲစိတ်ခန်းတွင် မျက်စိခွဲစိတ်ကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။       

 

ယနေ့ပျဉ်းမနားမြို့နယ် (ခုတင်-၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေပြည်တော်အလင်းစီမံချက်ဖြင့် မျက်စိခွဲစိတ်ကုသရန် စာရင်းပေးထားသည့် (၂၇)ဦးအနက်မှ ခွဲစိတ်မည့် မျက်စိဝေဒနာရှင် (၁၁)ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး အဆိုပါလူနာများကို နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နှင့် နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)