နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၅

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောင်းများပြန်လည်ဖွစ်လှစ်ချိန်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်ကြားမည့် ကျောင်းဆောင်များနှင့် ကျောင်း အပ်လက်ခံနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီးလိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်း ကျောင်း(ပြည်စံအောင်)သို့ ရောက်ရှိပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ် လှူဒါန်းကာ အဆိုပါကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံ နေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ပညာ့ရောင်ခြည်စာကြည့်တိုက် မအူတောကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာရှိ စာပေဥယျာဉ် စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ခင်းကျင်းထားမှု အခြေအနေများကို ကြည့်ရှုအားပေး၍ စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းကာ စာကြည့် တိုက်အတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ စိုက်ပျိုး စီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း ပြောကြား၍ တောင်သူများကို ဆီထွက်သီးနှံ နေကြာမျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ဓာတ်မြေဩဇာများကို ပေးအပ်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ လေဆိပ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေဆိပ်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လိုအပ်သည် များကို မှာကြားသည်။

 

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး တစ်လျှောက် စိမ်းလန်းစိုပြည်ရေးအတွက် လမ်းလယ်ကျွန်းများရှိ စိုက်ပျိုးထားသည့် သစ်ပင်များ သာယာလှပရေး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာရှိ သစ်ပင်များအား စိမ်းလန်းစိုပြည်ရေး၊ ပန်းအလှပင်များ ဖြည့်ဆည်းစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည် များကို မှာကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်အတွင်း တည်ထားကိုးကွယ် လျက်ရှိသည့် ရန်အောင်ချမ်းသာဘုရားကြီးအနီးတွင် ယာယီသီတင်းသုံးနေသည့် ရန်အောင်ချမ်းသာဘုရားကြီး ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တကုလရက္ခိတ မဟာဇေယျသိဒ္ဓိအဓိဌာန်ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ထို့နောက် လယ်ဝေးမြို့နယ်၊ ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာတွင် ကျေးရွာစာ ကြည့်တိုက် ဆောက်လုပ်မည့် မြေနေရာသို့သွား ရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦဆောက် လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည် စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့်အခြားလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)