နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန် ၁၆

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ် ဇေယျဌာနီ (၂) လမ်း (အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအကြား) လမ်း ဘေးဝဲ၊ ယာနှင့် ဥတ္တရသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်း၊ အမြန်လမ်းမိုင်တိုင် (၂၂၀) နေပြည်တော် အဝင် ပန်းတင်လမ်းဆုံနှင့် ပျဉ်းမနား - တောင်ညိုလမ်းတစ်လျှောက် မြက်ချုံများ ရှင်းလင်းခြင်း၊ သစ်ပင်များ အလင်းဖွင့်ခြင်းနှင့် ရေမြောင်းဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အရိပ်ရပင်နှင့် ပန်းအလှပင်များ ထပ်တိုးစိုက်ပျိုးရန်နှင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ကြီးထွားစေရေး စနစ်တကျထိန်းသိမ်းရန် မှာကြားသည်။

ထို့နောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ထမ်းရပ်ကွက်နှင့် ပြည်သူများသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ထားရှိသည့် ရေသန့်စင် စက်ရုံအမှတ် (၂) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့တော်ဝန်က တိုးချဲ့‌ရေပေးရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် အပြည့်အဝ ဖြန့်ဖြူးပေးဝေနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊ သောက်သုံးရေ ဖြန့်‌ဖြူးပေးဝေရာတွင် လေလွင့်မှုမရှိရေး အထူးဂရုပြု ဆောင်ရွက်ရန်နှင့် မြို့ပြနေပြည်သူများ သောက်သုံးရေအပြည့်အဝ ရရှိစေရန်အတွက် ရေတွန်းစက်များ၏ ကြံ့ခိုင်မှုကို အမြဲစစ်ဆေးဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် သတ္တသတ္တာဟ မဟာဗောဓိစေတီ မိဂဒါဝုန် ဘေးမဲ့တောဥယျာဉ်အနီး ရေကျော်တံတားမှတဆင့် သပြေစမ်းဆည်အတွင်းစီးဝင်လာသော သဲနုန်းများကို စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်