နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၃

 

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  

 

နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့၊ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ နေပြည်တော် မသန်စွမ်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးပြီး ဗလငါးတန်နှင့်ပြည့်စုံရန် လူငယ်ကဏ္ဍကို တိုးတက်ရန် ဆောင်ရွက်ရာတွင် ကော်မတီအဖွဲ့ဝင်အားလုံး သက်ဆိုင်ရာကဏ္ဍများမှ ဟန်ချက်ညီညီဖြင့် ကော်မတီဝင်အချင်းချင်း ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်က အထူးအလေးထား ဂရုတစိုက် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မူဝါဒများ၊ မဟာဗျူဟာစီမံချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အထူးအလေးထားကာ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီ လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းက နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ ဆောင်ရွက်မှု အခြေအနေများ၊ ကော်မတီအဖွဲ့ဝင်များက  သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ချက်များ ကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအား ဖြည့်စွက်ဆွေးနွေးကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး လူငယ်ရေးရာလုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်