နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၄

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ချောင်းမကြီးဆည်၏ ရေဝေရေလဲဧရိယာ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများနှင့် ဘဏ်ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတကောင်းမွန်စေခြင်း၊ ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေခြင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်ခြင်း၊ သစ်တောထွက်ပစ္စည်းများမှ လူနှင့်တိရစ္ဆာန်များအတွက် စားရေရိက္ခာရရှိခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း၊ စိုက်ပျိုးပြီး သစ်ပင်ပန်းပင်များကို ရေရှည်စိမ်းလန်း စိုပြည်ရှင်သန်စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ဧကရာဇ်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာသူများက သတ်မှတ်နေရာများ၌ ပျိုးပင်များကို စိုက်ပျိုးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျွန်း၊ သစ်ပိတောက်၊ ကုက္ကို၊ စိန်ပန်း၊ ငု၊ ယင်းမာ၊ သစ်ပုဂံနှင့် မန်ကျည်း၊ စုစုပေါင်း ပျိုးပင် ၁၀၀၀၀  စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဇော်ဂျီတွင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်း၌ ကျင်းပသည့် ကျောင်းသားကျောင်းသူများအတွက် စာရေးကိရိယာများ၊ စာအုပ်များ လှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားကာ ပညာရေးအကျိုးပြုစာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာရှိ ပညာ့မဏ္ဍိုင်ကျေးရွာစာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များထားရှိမှုနှင့် ကျေးရွာပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် တောင်ညိုအုပ်စု၊ မရမ်းခုံကျေးရွာရှိ စိုက်ပျိုးရေးအသိပညာပေးစင်တာ၌ တောင်သူများနှင့် တွေ့ဆုံ၍ စပါးအပါအဝင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်လာစေရေး မှာကြားသည်။

ဆက်လက်၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးသီးနှံများ ပန်းတိုင် အထွက်နှုန်းထွက်ရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် မရမ်းခုံကျေးရွာတွင် တီမွေးမြူရေးကန်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များက မရမ်းခုံကျေးရွာမှ တောင်သူများအား နေကြာမျိုးစေ့များ၊ မျိုးစေ့ချကိရိယာ (Seeder)များနှင့် သွင်းအားစု ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာရှိ တောင်သူဦးထွန်းဝေ၏ လယ်ယာမြေတွင် မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် EMဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်ထားမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်