နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော် MSME နှင့် စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

နေပြည်တော် ဇွန် ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် MSMEနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင်နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဆောင်ရွက်

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်တွင် MSME လုပ်ငန်းများ ယခုထက်ပိုမိုကြိုးစားထုတ်လုပ်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး၊ MSME ထုတ်ကုန်များကို အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်ပပို့ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံကုန်ကြမ်းများကို တစ်နှစ်ပတ်လုံး ထွက်ရှိစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ စက်မှုကုန်ကြမ်းများ ပိုမိုထွက်ရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်ပပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်နိုင်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် One Stop Service ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို ဝိုင်းဝန်းပူးပေါင်းပြီး အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက MSME ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)