နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ထံ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

 

နေပြည်တော်  စက်တင်ဘာ ၂၉

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ပုဗ္ဗသီရိမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည့် ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများ တွေ့ဆုံအားပေး ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်သည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်မှ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများကို အရည်အသွေးပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ၊ ယဉ်ကျေးလိမ္မာသည့် ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ကြရန် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာနှင့်အညီ သင်ကြားပေးစေလိုကြောင်း၊ အနာဂတ်ပညာရေး နယ်ပယ်ကဏ္ဍများ မြင့်မား တိုးတက်ရေးအတွက် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်မှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆရာ/ဆရာမ များအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပျဉ်းမနား ခရိုင်အတွင်းရှိ ပညာရေး ဝန်ထမ်းများအား ဆေးစိမ်ခြင်ထောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်စာတမ်းများပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြပြီး ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသရှိ ဆရာ/ဆရာမ များကိုယ်စား ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေး ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် တစ်ဦးလျှင်ဆန် လေးပြည်နှုန်း၊ ဆီ တစ်ပိသာနှုန်းစီဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

ယနေ့တွင် နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား တစ်ဦးလျှင် ဆန် လေးပြည်နှုန်း၊ ဆီ တစ်ပိသာနှုန်းစီကို သက်သာသောဈေးနှုန်းဖြင့် တစ်ပြိုင်တည်း ရောင်းချပေးလျက်ရှိရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်အလိုက် သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

 

ဆက်လက်၍ ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး၌ ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသကျေးရွာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက် အမှာစကား ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက တောင်ပေါ်ဒေသများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ လယ်ယာမြေ ကိစ္စများ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိစ္စရပ်များ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။       

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးသီရိ အထည်ချုပ်လုပ်ငန်းသို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။

(သတင်းစဉ်)