နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရခရိုင်အတွင်း ကုန်ထုတ်လုပ်ငန်း တိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

 

နေပြည်တော် စက်တင်ဘာ ၈

 

ပြည်​ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်းများ၊ ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသတွင်း နေထိုင်သူများဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးနေရန်လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှုကို တတ်နိုင်သမျှ တည်ငြိမ်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဓိကခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် အခြားကုန်ပစ္စည်း ဈေးနှုန်းများဒေသအလိုက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် အကျိုးရှိသည့် နည်းလမ်းများကို ဖော်ထုတ်ပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များအားလုံးက ပူးပေါင်းပြီး ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် လုံလောက်စွာ ဝင်ရောက်စေရေးအတွက် လိုအပ်သည့်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်းများ၊ အသင်းအဖွဲ့စည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။   

 

ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးက ဒေသဆိုင်ရာ အချက်အလက်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ​​ဒေသတွင်း ကုန်ထုတ်လုပ်ငန်းတိုးတက်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ MSME အသင်းမှတာဝန်ရှိသူက လုပ်ငန်းများ လက်ရှိ ဆောင်ရွက် နေမှုအခြေအနေများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဥတ္တရခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြဆွေးနွေး ချက်များအပေါ် လိုအပ်သည် များကို သက်ဆိုင်ရာကဏ္ဍများလိုက် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး တက်ရောက်လာသည့် လုပ်ငန်းရှင် များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန၊ ရေနှင့်သန်းရှင်းမှုဌာနမှ တည်ဆောက်ထားသည့် ပုဗ္ဗသီရိမြို့နယ်ရှိ တင်းဝါးရေလှောင်တမံသို့ရောက်ရှိကာ ရေလှောင် တမံအား လှည့်လည်ကြည့်ရှုသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာသီရိပတ္တာ ကျောင်းတိုက် သို့ သွားရောက်ပြီး မင်္ဂလာသီရိပတ္တာကျောင်း တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာဝံသအား ဖူးမြော် ကြည်ညိုကာ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)