နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  ဥတ္တရသီရိမြို့နယ်အတွင်း လေးဘေးသင့်ခဲ့သည့် ကျေးရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေး

နေပြည်တော်     မေ     ၂၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးနှင့် အတူယနေ့နံနက်ပိုင်းက သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာအတွင်း၌ မေ ၂၀ ရက် နံနက် နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း၍ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မသိမ်ကျေးရွာရှိ သရက်တော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ သရက်တောကျေးရွာအုပ်စု၊ မိုးစွေကျေးရွာအုပ်စုနှင့် ဘုရားတောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ခဲ့သည့် ပြည်သူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ်အုပ်ချုပ်ရေးမှူးက လေပြင်းဘေးဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လေဘေးသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားသည်။

 

ထို့နောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်ကောင်စီ အတွင်းရေးမှူးတို့က သရက်တောကျေးရွာအုပ်စု၊ မိုးစွေကျေးရွာအုပ်စုနှင့် ဘုရားတောင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများကို နေပြည်တော်ကောင်စီမှ ထောက်ပံ့ ငွေကျပ် ၄၅ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၂၄၄၄၉၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး တစ်အိမ်ထောင်စာတို့ကို ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ပြည်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်ညိုကျေးရွာရှိ အလင်းတံခါးစာကြည့်တိုက် သို့ သွားရောက်၍ စာကြည့်တိုက်အတွင်း စာအုပ်၊ စာစောင်များထားရှိမှုနှင့် လူငယ်လူရွယ်များ စာပေ ဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး စာကြည့်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များ ပေးအပ် လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ နေ့စဉ်ထုတ် သတင်းစာများထားရှိရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြ စေလိုကြောင်း မှာကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်ညိုတိုက်နယ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်း ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးရာ ဆေးရုံအုပ် ဒေါက်တာထွန်းလင်းက ကျန်းမာရေး စောင့်ရှောက်ပေး နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)