နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနား နှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပရေးနှင့် မဏ္ဍပ်များဆောက်လုပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

နေပြည်တော် ဧပြီ ၂၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဓမ္မာရုံတစ်ရုံ၊ အခြေခံပညာကျောင်း နှစ်ကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားမည့် ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေး လိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်း ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ယဉ်ကျေးလိမ္မာသင်တန်းများကို တက်ရောက် သင်ယူရသည့်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဒုစရိုက်တရားများကို ရှောင်ကြဉ်၍ သုစရိုက် တရားများကို ဆောင်တတ်လာခြင်း၊ ဆရာ၊ မိဘ၊ လူကြီးသူမများကို ရိုသေကိုင်းရှိုင်းသော လူယဉ်ကျေးကလေးများဖြစ်လာခြင်း၊ မြန်မာ့ယဉ် ကျေးမှု အနှစ်သာရများကို တန်ဖိုးထားတတ်လာခြင်း၊ လူတော်လူကောင်းများ ဖြစ်လာခြင်း စသည့် အကျိုးတရားများကို ရရှိလာစေမည်ဖြစ်ပါကြောင်း၊ သင်တန်းနည်းပြများ ပို့ချသော ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ လေ့လာ သင်ယူ ဆည်းပူးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းပို့ချနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း စာအုပ်များဖြစ်သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသည့် ဗုဒ္ဓဝင်ဗုဒ္ဓဖြစ်စဉ်တော် စာအုပ်များ၊  နေပြည်တော် ကောင်စီမှလှူဒါန်းသည့်  ယဉ်ကျေးလိမ္မာ ၃၈ ဖြာမင်္ဂလာစာအုပ်များ၊ အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှု စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်နှင့် စာရေးကိရိယာများကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေးအပ် လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လက်ခံရယူသည်။

 

ယင်းနောက် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် အလှူငွေများနှင့် အချိုရည်ဘူးများကို အလှူရှင်များက ပေးအပ်လှူဒါန်းရာ  မြို့နယ်ပညာရေးမှူးက လက်ခံရယူသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူ လူငယ်များအား ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများ သင်ကြားပို့ချ ပေးနေမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ ဗုဒ္ဓဘာသာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းကို နေရာသုံးနေရာတို့တွင် ကျောင်းသား ကျောင်းသူလူငယ် စုစုပေါင်း ၁၇၂ ဦးဖြင့် ဧပြီ ၂၁ ရက်မှ ၂၉ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ မြို့နယ် ရှစ်မြို့နယ်ရှိ နေရာ ၁၀၄ နေရာတွင် ကျောင်းသားလူငယ် စုစုပေါင်း ၈၃၀၀ ကျော်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်ရှိ အခြေခံ ပညာကျောင်း ရှစ်ကျောင်းတွင် ကွန်ပျူတာအ‌ခြေခံသင်တန်းနှင့်  အင်္ဂလိပ်စကားပြော သင်တန်းများကို ဧပြီ ၂၄ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း ကဆုန်လပြည့်ဗုဒ္ဓနေ့ ကဆုန်ညောင် ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားတွင် ညောင်ရေသွန်းလောင်းမည့် မဟာဗောဓိပင်တော်များအား ပြင်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ဗုဒ္ဓနေ့မင်္ဂလာအခမ်းအနား ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပရေးနှင့် မဏ္ဍပ်များ ဆောက်လုပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။

 

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကဆုန်လပြည့်ဗုဒ္ဓနေ့ အခမ်းအနားများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာဌာနဆိုင်ရာများက မဏ္ဍပ်တည်ဆောက်ရေး၊ ပတ်ဝန်း ရှင်သန့်ရှင်းသာယာလှပရေး၊ ရေလုံလောက်စွာရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက  လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)