နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နဝမအကြိမ် ရန်အောင်မြင် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သော စာအောင်သာမဏေများအား စာအောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

 

နေပြည်တော် ၊ ဇန်နဝါရီ  ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ပရိယတ္တိသာသနာ လင်္ကာရအသင်းမှ ကြီးမှူးကျင်းပသော နဝမအကြိမ် ရန်အောင်မြင်သာ သနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် အောင်မြင်သော စာအောင်သာမဏေများအား စာအောင် လက်မှတ် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်အောင်မြင် ဘုရားရှိ ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသုဇနအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီး ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်အတွင်းရှိ ဗုဒ္ဓ ရုပ်ပွားတော်အား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဆွမ်း ဆပ်ကပ်ပူဇော်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက လယ်ဝေးမြို့၊ သံလမ်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဇနထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လယ်ဝေးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သရက်တောကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကုမာရက ဩဝါဒါကထာ ချီးမြှင့်တော်မူသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားပြီး ရန်အောင်မြင် သာသနာလင်္ကာရအသင်း ဥက္ကဋ္ဌ ဦးကြည်စိုး က ရန်အောင်မြင် ပရိယတ္တိ သာသနာ့လင်္ကာရအသင်း စတင်တည်ထောင်ခြင်းနှင့် ဆောင်ရွက်ပြီးစီးခဲ့သော သာသနာလင်္ကာရစာမေးပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းလျှောက် ထားတင်ပြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တတိယအဆင့် လင်္ကာရဘွဲ့အောင် သာမဏေ (၃) ပါးတို့အား စာအောင်လက်မှတ်များကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်မေမြင့်မောင်က တတိယအဆင့် လင်္ကာရဘွဲ့အောင် သီလရှင် (၃) ပါး တို့အား စာအောင်လက်မှတ်များကို လည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက တတိယအဆင့်၊ ဒုတိယအဆင့်၊ ပထမအဆင့် လင်္ကာရဘွဲ့အောင် သာမဏေများနှင့် သီလရှင်များအား စာအောင်လက်မှတ်များ ကိုလည်းကောင်း  ဆက်ကပ်လှူဒါန်းကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီးတို့က ရန်အောင်မြင် ပရိယတ္တိသာသနာ လင်္ကာရအသင်းအတွက် အလှူငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

mdn

 

ယင်းနောက်    နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သရက်ကုန်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရထံမှ တက်ရောက်လာကြသူများက သာဓုအနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။

နဝမအကြိမ် ရန်အောင်မြင် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ စာဖြေသာမဏေနှင့် သီလရှင် စုစုပေါင်း အပါးတစ်ထောင်ကျော်တို့က ဇန်နဝါရီ (၂) ရက်မှ (၄) ရက် အထိ (၃) ရက်ကြာ ဖြေဆိုခဲ့ကြပြီး ဖြေဆိုအောင်မြင်ခဲ့သည့် သာမဏေနှင့် သီလရှင်များအား စာအောင်လက်မှတ်များ ဆပ်ကပ်လှူဒါန်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ကို(ပြန်/ဆက်)