နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်  တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးကို သက်ဆိုင်ရာဌာနများအလိုက် ဥပဒေအကြံပြုချ က်များနှင့်အညီ လျာထားပြုစုရေးဆွဲပြီးဖြစ်သည့် နေပြည်တော်အဆင့် ကော်မတီ၊ ခရိုင်နှင့်မြို့နယ်အဆင့် ကော်မတီများက လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် မြေပြင်ကွင်းဆင်းစစ်ဆေးမှု၊ ပြည်သူလူထု အသိပညာပေးရေးဆောင်ရွက်မည့် အစီအမံများ တားမြစ်ချက်များကို မလိုက်နာပါက စီမံခန့်ခွဲမှု နည်းလမ်းများနှင့် သက်ဆိုင်ရာဌာနများက ထုတ်ပြန်ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူမှု အပိုင်းများကို သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက အဓိကထားဆွေးနွေးပေး စေလိုကြောင်း၊ လုပ်ငန်းကော်မတီများအနေနှင့် သက်ဆိုင်ရာကော်မတီများအလိုက် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည့် အချက်များနှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ ပြည်သူလူထု အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီရုံး ညွှန်ကြားရေးမှူးက နေပြည်တော်အစားအသောက် ဘေးအန္တ ရာယ်ကင်းရှင်းရေးကော်မတီ၊ ခရိုင်နှင့် မြို့နယ်အဆင့်ကော်မတီများဖွဲ့စည်း ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် ဌာနကြီးမှူးများက နေပြည်တော်အတွင်းရှိ ဈေးများ၊ သားသတ်ရုံများ၊ အသားထုတ်လုပ် ရောင်းချနေမှု၊ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းများကိုစစ်ဆေးခြင်းနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊  ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့်  နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ပူး‌ပေါင်းဆောင်ရွက်နေမှု နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အ‌ခြေအနေများကို  သက်ဆိုင်ရာကဏ္ဍများအလိုက်  ဆွေးနွေးရှင်းလင်းတင်ပြကြသည်။

ယင်းနောက်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)