နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၇

ပြည်ထောင်စုနယ်မြေ နေပြည်တော်သန့်ရှင်းသာယာလှပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည်နှင့်အညီ မြို့တော်အင်္ဂါရပ်နှင့်ကိုက်ညီစေရေး၊ Clean City, Green City, Smart City ဖြစ်စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေတစ်ခုဖြစ်စေရေး၊ ပညာရေးမြို့တော် ဖြစ်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် စံပြလုပ်ဆောင် နိုင်ရေး၊ မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများနှင့် SMEလုပ်ငန်းများကို စံပြမြှင့်တင် ဆောင်ရွက်နိုင်ရေး၊ မိမိမြို့နယ်အတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ အပျိုဆောင်၊ လူပျိူဆောင်များ၊ နေအိမ်များအတွင်း အမှိုက်များမရှိစေရေး၊ လမ်းဘေးဝဲယာနှင့် ရေမြောင်းများ သန့်ရှင်းသာယာ လှပစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေနဲ့ ကဏ္ဍအလိုက် ပူးပေါင်း ပါဝင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သန့်ရှင်းသာယာ လှပရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)