နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများတူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် မေ ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် အဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက  ကန်တော်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည် တော်ကောင်စီဥက္ကဋ္ဌ က လိုအပ်သည်များကို မှာကြားပြီး မြို့မိမြို့ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည့် လေဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဝေးမြို့နယ် ကန်သာအုပ်စု အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများရှိ လေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများလှူဒါန်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယ မြို့တော်ဝန်၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်ဝေးမြို့နယ် ကန်သာအုပ်စု အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများရှိ လေဘေး သင့်ပြည်သူများအတွက် မြို့နယ်အဆင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ နားခိုနိုင်ရန် အမိုးအကာတဲများရရှိရေး၊ အပျက်အစီးများကို စက်အင်အား၊ လူအင်အားဖြင့် အမြန်ဖယ်ရှားရှင်းလင်းရေး၊ ကျေးရွာမြေကွက်များ စနစ်တကျဖော်ဆောင်ရေး၊ နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ ကူညီထည့်ဝင်မှုများဖြင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ လှူဒါန်းသည့်ငွေနှင့် ပစ္စည်းများအလေအလွင့် မဖြစ်မရှိစေရန် စနစ်တကျစီမံ ခန့်ခွဲ၍ အကျိုးရှိစွာ အသုံးချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များက လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယနေ့ အခမ်းအနားတွင် လေဘေးသင့်ပြည်သူများအတွက် ဝန်ကြီးဌာနများနှင့် စေတနာ ရှင်အလှူရှင်များ က  စုစုပေါင်းငွေကျပ် ၂၄၉၈ သိန်းကျော်လှူဒါန်းခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ MSME လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ MSMEဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME လုပ်ငန်းကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို  ရှင်းလင်းပြောကြားပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးဇေယျာလင်းတို့က အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က MSME ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က MSME Webportal ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်