နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာ အခြေခံ(ဆရာဖြစ်) သင်တန်းများ ဆင်းပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဧပြီ ၇

နေပြည်တော်ကောင်စီမှကြီးမှူး၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာ အခြေခံ(ဆရာဖြစ်)သင်တန်းများ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBAမှ ဆရာကြီး၊ ဆရာမကြီးများ၊ ရန်အောင်မြင်တောရကျောင်း(မြို့တော်ဝန်ကျောင်း) သင်တန်းနည်းပြ ဆရာမကြီးများ၊ အလှူရှင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် ယခုသင်တန်းတက်ရောက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အသိပ ညာဗဟုသုတများ တိုးပွားသဖြင့် မိမိတိုင်းပြည်နှင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသည့် စိတ်များ ပိုမိုခိုင်မြဲလာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ ကောင်းများဖြစ်သည့် ဗုဒ္ဓစာပေသင်ကြားမှုများကို ဆက်လက်ထိန်းသိမ်းကာ မျိုးဆက်သစ်လူ ငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့် ရှောက်တတ်စေ ရန်နှင့် နိုင်ငံတော် အတွက်တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှု အစဉ် အလာများကို ထိန်းသိမ်းစောင့် ရှောက်နိုင်မည့် လူငယ်များဖြစ်လာစေရန် အတွက် ဆက်လက်ကြိုးစားသင်ကြားစေလိုကြောင်း၊  နေပြည်တော်ကောင်စီမှကြီးမှူး၍ ဌာနဆိုင်ရာ များ၊ ရပ်ကွက်ကျေးရွာများတွင် ဆရာဖြစ်သင်တန်းများကို ဧပြီ ၂၀ ရက်မှစ၍ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ရာ တက်ရောက်လိုသည့် ဌာနဆိုင်ဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် နေပြည်တော်ကောင်စီ သို့ ဆက်သွယ်၍ တက်ရောက်နိုင်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီးဒေါ်မေမြင့်မောင်တို့က ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBAမှ သင်ကြားပေးသော ဆရာကြီး၊ ဆရာမကြီးများ၊ ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)မှ သင်တန်းနည်းပြ ဆရာမကြီးများနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုပေး အပ်သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သင်တန်းသားသင်တန်းသူများအား သင်တန်း ဆင်းလက်မှတ်များကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့်တာဝန်ရှိသူများက တက်ရောက်လာကြသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာကလျာဏယု ဝအသင်း YMBAမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်း သား သင်တန်းသူများကို ကျောက်စိမ်း ကိုးလုံး ပုတီး တစ်ကုံးစီကို နှစ်ကူးလက်ဆောင် အဖြစ်လည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်ခဲ့သည့် သားငယ် သမီးငယ်များကို သင်္ကြန်ကစားစရာ ရေပြွတ်များကို နှစ်ကူးလက်ဆောင်အဖြစ်လည်း ကောင်း ပေးအပ်ခဲ့ကြသည်။

ယဉ်ကျေးလိမ္မာသင်တန်းကို ဌာနဆိုင်ရာ ဝန်ထမ်းသား သမီးများ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၀ ၊ အဘိဓမ္မာသင်တန်းကို ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၄၀၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်)သင်တန်းကို ဝန်ထမ်းနှင့် မိသားစုဝင် စုစုပေါင်း ၆၇ ဦး စုစုပေါင်း ၁၅၇ ဦး တို့ကို ဧပြီ ၁ ရက်မှ ၇ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်