နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးအား ဗုံးဖောက်ခွဲခဲ့သည့်တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

 

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ B-4 လမ်းမကြီး၊ ဓာတ်အားခွဲရုံ အနီးရှိနေအိမ်မှ တင်ကိုငြိမ်း (ခ) ရွှေကောင်း (၄၈) နှစ်နှင့် ခင်မောင်ရင် (၃၇) နှစ်တို့အား ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရသည့် လက်လုပ်သေနတ် လေး လက်၊ ၅.၅၆ မမကျည် ၁၀ တောင့်၊ ပြောက်ကျားယူနီဖောင်း/ဂျာစီများ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဥတ္တရသီရိမြို့နယ်၊ စည်သာအေးရွာ၊ ပျဉ်းမနား - တောင်ညိုလမ်းမကြီးအနီးရှိ ခင်မောင်ရင်၏ နေအိမ်မှ လက်လုပ်မိုင်း နှစ်လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

 

တရားခံ တင်ကိုငြိမ်း (ခ) ရွှေကောင်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၃ ရက်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ ခရေအိမ်ရာ၊ တိုက်အမှတ် (၉၄)၊ အခန်း အမှတ် (၁၄) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ပြောက်ကျားယူနီဖောင်းများ၊ NLD ပါတီတံဆိပ်ပါအင်္ကျီများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်၍ တရားခံ တင်ကိုငြိမ်း (ခ) ရွှေကောင်း ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၁၃ ရက်တွင် ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ စက်မှု (၁) အုတ်စက်ရှေ့၊ အိမ်အမှတ် (၃၈၅)နေ ဇော်မင်းအောင်ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ဇော်မင်းအောင် (၃၉) နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ဆက်လက်၍ တရားခံ ဇော်မင်းအောင် ၏ ထွက်ဆိုချက်အရ တင်ကိုငြိမ်း (ခ) ရွှေကောင်းနှင့် ခင်မောင်ရင်တို့အား ဖမ်းဆီးရရှိသည့် ဖြစ်စဉ်သတင်းနှင့် မှတ်တမ်းဓာတ်ပုံများအား မင်းကုန်းကျေးရွာနေ သိန်းဝင်း မှ ဇော်မင်းအောင်အား ပြသ၍ တိမ်းရှောင်စေရန် ပြောကြားခဲ့ကြောင်း သိရှိရသဖြင့် သိန်းဝင်း (၅၀) နှစ်အား ထပ်မံဖမ်းဆီးခဲ့သည်။

 

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား လေးဦးကို လက်လုပ်သေနတ် လေးလက်၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လက်လုပ်မိုင်း နှစ်လုံး၊ ပြောက်ကျား ယူနီဖောင်း/ ဂျာစီများ၊ NLD ပါတီတံဆိပ်ပါ အင်္ကျီများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ခင်မောင်ရင်သည် ဧပြီလခန့်တွင် ပျဉ်းမနားမြို့နယ်၊ အဝေရာဆည်အနီး၌ နေပြည်တော် PDF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်းနှင့် ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး စိုင်းဝင်းနိုင်ဦး (ဖမ်းဆီးရန်ကျန်)မှ ဖီးနစ်မြို့ပြ ပြောက်ကျားအဖွဲ့အား ဟန်မင်းထွန်း (ဖမ်းဆီးရန်ကျန်) အား ဖွဲ့စည်းစေကာ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်း၊ နေပြည်တော် PDF အဖွဲ့အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင်ရှိပြီး ၎င်း၏ ညွှန်ကြားချက်များအတိုင်း အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ၊ ဒလန်ရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ရကြောင်း ဖော်ထုတ် သိရှိရသည်။

 

တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း ၏ ထွက်ဆိုချက်အရ ဇွန်လတွင် တောင်ငူမြို့နေ ဝေဠု (ဖမ်းဆီးရန်ကျန်) ထံမှ လက်လုပ်သေနတ် လေး လက်၊ MG-1 လက်ပစ်ဗုံးတစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ ယမ်းကြိုးနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်းနှင့် ဇူလိုင်လတွင် အောင်ပန်းမြို့နေ ခွန်သူရ (ဖမ်းဆီးရန်ကျန်) ထံမှ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအနေဖြင့် မေလတွင် ဟန်မင်းထွန်း ၏ စေခိုင်းမှုဖြင့် ခင်မောင်ရင်သည် ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာအုပ်စု ဝက်စုကျေးရွာရှိ ခေါင်ရည်ဆိုင်ရှေ့တွင် လက်လုပ်မိုင်းတစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ဇမ္ဗူ သီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၄၃၅၆) အနီး၌ ရပ်ထားသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းကြို/ပို့ ယာဉ်အား ထမင်းဘူးရီမုဒ်မိုင်း တစ်လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ဈေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက်ရဲကင်းကို လက်လုပ်ဗုံး တစ်လုံးဖြင့် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ် (၃) ရဲစခန်းအနီးတွင် လက်လုပ်ဗုံး တစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းလိုင်းခန်းရှေ့ရှိ ဝန်ထမ်း ကြို/ပို့ယာဉ်အား ထမင်းဘူး ရီမုဒ်မိုင်းတစ်လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၃ ရက် တွင် ဟန်မင်းထွန်းမှ ပေးပို့သော MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံးတို့အား တင်ကိုငြိမ်း (ခ)ရွှေကောင်း ထံမှတစ်ဆင့်ရယူ၍ နိုဝင်ဘာ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား MG-1 လက်ပစ်ဗုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ဇမ္ဗူသီရိမြို့နယ် နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင် သာယာဈေး၊ အုပ်ချုပ်ရေးမှူးရုံး အား လက်လုပ်ဗုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အဆိုပါဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

 

သတင်းစဉ်