နေပြည်တော်၌ ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ် ၁ သိန်းနှုန်း ထုတ်ချေး

နေပြည်တော်   ဒီဇင်ဘာ   ၁၇

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပျဉ်းမနားမြို့နယ် ဘဏ်ခွဲမှ တောင်သူဦးကြီးများကို ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးခြင်းကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ စတင်ထုတ်ချေးပေးလျက်ရှိသည်။

 

နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ်ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် အတိုးနှုန်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးရာတွင် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာအုပ်စုရှိ တောင်သူ ကိုးဦးကို စိုက်ပျိုးဧက ၆၅ ဧကအတွက် ငွေကျပ်  ၆ ဒသမ ၈၅ သန်း ထုတ်ချေးပေးပြီး ၂၀၂၀ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေ ပြေကျေသော တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးပေးခြင်း ကာလအနေဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် ဘဏ်ခွဲမန်နေဂျာ ဒေါ်ခိုင်ကြည်သာထံမှ သိရှိရသည်။

 

နေပြည်တော်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ၂၀၂၁ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေအား ကျေးရွာအုပ်စု လေးအုပ်စု၊ ဧက ၁၆၁ ဧက တောင်သူဦးရေ ၂၈ ဦးကို ငွေကျပ် ၁၆ ဒသမ ၄၅ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း နေပြည်တော်တိုင်း ဘဏ်ခွဲမန်နေဂျာ ဦးသက်ဦးထံမှ သိရှိရသည်။

ညီညီသန်း(နေပြည်တော်)