နေပြည်တော်၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်

နေပြည်တော် မေ ၂၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများတွင် လည်း ယနေ့ နံနက်ပိုင်းမှ စတင်၍ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို  စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ အား တာဝန်ကျ ဆရာ၊ ဆရာမများက ကျောင်းအပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြသည်။ 

ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဉီးဝင်းခိုင်က “နိုင်ငံတော်အဆင့် လူထုလှုပ်ရှားမှုအသွင်နဲ့မေ ၁၆ ရက်မှာ ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဆိုင်းဘုတ်တွေကို နေပြည်တော် အထင်ကရနေရာတွေမှာ စိုက်ထူခဲ့ ပါတယ်။ ကျောင်းအပ်နှံရေး စတင်ပြင်ဆင်ပြီဆိုတာနဲ့တစ်ပြိုင်နက် ကျောင်းသန့်ရှင်း သာယာလှပရေးနဲ့ ကျောင်းတွင်းကျောင်းပြင်တွေကို ပြင်ဆင်ပါတယ်။ မေ ၂၃ ရက် ကစပြီး ကျောင်းအပ်လက်ခံပြီဆိုတာကို ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ မိဘဆရာအသင်းတွေ၊ ကျောင်းအကျိုးတော်ဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နဲ့ချိတ်ဆက်အသိပေး ဆောင်ရွက်ခဲ့ပါတယ်။ 

ကျောင်းသား အသစ်အဟောင်း မည်သူမဆို ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို ကျောင်းလာအပ်တာနဲ့ တစ်ပါတည်းပေးနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အခြေခံ ပညာဦးစီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ကျွန်တော့်ကျောင်းမှာ ဆရာ၊ ဆရာမများနဲ့ပတ်သက်ပြီး အလုံအလောက်ရှိပါတယ်။ ဌာနသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့အပြင်  သင်ရိုးညွှန်းတန်းနဲ့ ပတ်သက်ပြီး ဝိရောဓိမရှိ လောက်အောင် ကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်။  သင်ရိုးညွှန်းတန်းနဲ့အညီ ခွဲဝေထားတဲ့စာသင်ချိန်ကလည်း ပြီးပြည့်စုံတဲ့ ပညာရေး စနစ်တစ်ခုကိုသွားလို့ရတဲ့ အနေထားဖြစ်ပါတယ်။ နိုင်ငံတော်အကြီးအကဲက စာဖတ်ရှိန် မြှင့်တင်ရေးကို အလေးပေးဆောင်ရွက် ကြဖို့ညွှန်ကြားထားတာရှိတဲ့အတွက် အချိန် ဇယားခွဲဝေမှုမှာ စာဖတ်ချိန်ကို အလယ်တန်း ၄ ချိန်၊ အထက်တန်း ၃ချိန် ပေးထားပါတယ်။ Grade-4 ကစပြီး Grade-12အထိ ကလေးတွေအားလုံးကို စာအုပ်စာပေဖတ်ရှုဖို့ တရားဝင် အချိန်ဇယား ရေးဆွဲပြီး စီစဉ်ဆောင်ရွက်ထားပါတယ်။ 

ကျောင်းသားကျောင်းသူအားလုံး ပညာသင်ယူနေတာဟာ အကောင်းဆုံးဖြစ်ပါတယ်။  ဒါကြောင့် ပညာသင်ယူဖို့ အခွင့်အလမ်းကို ကျွန်တော်တို့ ပညာရေးဌာနက ဝန်ထမ်းတွေနဲ့ မိဘပြည်သူတွေ ပေါင်းစပ်ပြီး ကလေး၊ လူငယ်အားလုံး ပျော်ရွှင်ကျန်းမာစွာ ပညာသင်ယူကြပါစို့လို့ တိုက်တွန်းလိုပါတယ်” ဟုပြောကြားသည်။
အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယမင်းသူက “ကျောင်းအပ်နှံရေးနေ့လို့ စပြီးသိရှိကတည်းက ကျောင်းဝင်း၊ ကျောင်းပြင်မှာ သန့်ရှင်းရေးပြုလုပ်ထားပါတယ်။ စာသင်ခန်းတွေမှာလည်း ခုံတွေ စနစ်တကျ နေရာချထားပါတယ်။ အခမဲ့ကျောင်းအပ်နှံရေးဖြစ်တဲ့အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေကိုပေးအပ်သွားမှာ ဖြစ်ပါတယ်။ မူလတန်းအတွက် ကျောင်းဝတ်စုံ  အဖြူအစိမ်းကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းပြောင်းကျောင်းရွှေ့အတွက် ခက်ခဲတဲ့ဒေသတွေက လာရောက်အပ်နှံတယ်ဆိုရင် ကျောင်းပြောင်းလက်မှတ်မပါ သော်လည်း ယာယီလက်ခံထားပါတယ်။ အမှန်တကယ်ခက်ခဲတဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး ကျောင်းပြောင်းလက်မှတ်မရောက်ခဲ့ရင်လည်း လက်ခံပြီး စာမေးပွဲ ဖြေခွင့်ရအောင် ဆောင်ရွက်ပေးပါတယ်။ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ဒီနှစ်မှာတော့ စာဖတ်ချိန် အချိန်ဇယား ထည့်ဆွဲထားပါတယ်။ ယခင်အချိန်စာရင်းတုန်းကလည်း အတန်းစုံက တစ်ပတ်မှာတစ်ချိန် စာကြည့်တိုက်တက်ရပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ သား၊ သမီးတွေကို ကျောင်းလာအပ်ကြဖို့ ဖိတ်ခေါ်ပါတယ်၊  တိုက်တွန်းပါတယ်” ဟုပြောကြားသည်။

အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေက “ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် မေ ၂၃ ရက်ကနေ ဇွန် ၂ ရက်နေ့အထိသတ်မှတ်ပါတယ်။ ဒါပေမယ့် ခက်ခဲတဲ့ ဒေသက ဆိုရင် အဆင်ပြေသလို လက်ခံပေးသွားမှာ ဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံအချိန်ကိုတော့ ဝန်ထမ်းတွေ အများဆုံး နေထိုင်တာ ဖြစ်တဲ့အတွက် မနက် ၇ နာရီကနေ ညနေ ၄ နာရီအထိ သတ်မှတ်ပါတယ်။ 

နွေရာသီကျောင်းပိတ်ရက်မှာဆိုရင် သင်ကြားရေးဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် သင်တန်းလေးတွေ ဖွင့်ပေးထားပါတယ်။ စာဖတ်ရှိန် မြှင့်တင်ရေးအတွက်  စာကြည့်ချိန်ကို အချိန်ဇယားထဲ ထည့်ဆွဲရမယ်ဆိုတော့ ကျောင်းသားကျောင်းသူတွေအတွက် သင့်တော်ကောင်းမွန်တယ်လို့ ထင်မိပါတယ်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာကို မဖြစ်မနေသင်ယူရမှာ ဖြစ်တဲ့အတွက် မိဘများအနေနဲ့ ကျောင်းကို လာရောက်အပ်နှံကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုပြော ကြားသည်။

ကျောင်းများပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းသားကျောင်းသူများ သန့်ရှင်း သပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ကျောင်းဥပဓိရုပ်ကောင်း မွန်စေရန် ဆောင်ရွက်ထားခြင်း၊ ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့် ဆောင်ပုဒ်များစိုက်ထူထားခြင်း၊ ကျောင်းအပ်ရန် စာသင်ခန်းများပြ စနစ်ပုံ ဆိုင်းဘုတ်များထားရှိခြင်း၊ စာသင်ခန်းများအတွင်း၌လည်း စာသင်ခုံများစနစ် တကျနေရာချထားခြင်းနှင့်  ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကိုလည်း တွေ့မြင်ရသည်။

ထို့ပြင်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့်  ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်လည်း သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိသည့်အပြင် ကျောင်းသားကျောင်းသူများ လုံခြုံစိတ်ချစွာဖြင့်  ကျောင်းတက်၊ ကျောင်း ဆင်းသွားလာနိုင်ရန်အတွက်  ကျောင်းကြို၊ ပို့ယာဉ်များကိုလည်း စီစဉ် ဆောင်ရွက်ပေးထားသည်။ 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ ယနေ့တွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ မူလတန်းအဆင့်၌ ၅၂၃၀၆ဉီး၊ အလယ်တန်း အဆင့်၌ ၂၁၀၀၆ ဉီးနှင့် အထက်တန်းဆင့်၌ ၈၇၇၉ဉီး စုစုပေါင်း ၈၂၀၉၁ဉီး လာရောက် အပ်နှံကြကြောင်း သိရသည်။

သန့်ဂျိုင်း
ဓာတ်ပုံ-ကိုအေးသန်း