နေပြည်တော်၌ အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂)ဆင်းပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၃၀ 

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည် မြှင့်မား‌စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ တိုင်းဒေသကြီး အစည်းအဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန်းဦးက သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချခဲ့သော အသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး မိမိတို့၏ စွမ်းဆောင်ရည်များစဉ်ဆက်မပြတ်တိုးတက်အောင် လေ့လာသင်ယူကြရန် မှာကြားခဲ့သည်။

 

ဆက်လက်၍ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်အေးနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူ/သားများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။

 

အဆိုပါ အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂)သို့ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသူ/သား (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်း‌တွင် GIS ၊ရေအရည်အသွေးစစ်ဆေးခြင်း၊ Hydraulic Profile ရေးဆွဲနည်း၊ Quality Control နှင့် Work done စစ်ဆေးခြင်း ၊ Estimateတွက်ချက်ခြင်း စသည့် ဘာသာရပ်များကို ကျွမ်းကျင် ဆရာ/ဆရာမများက ဒီဇင်ဘာလ (၁၉)ရက်မှ (၃၀)ရက်အထိ (၁၀) ရက်ကြာ သင်တန်းပို့ချပေးခဲ့ကြောင်း နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှသိရှိရသည်။

 

မောင်ခိုင်