နေပြည်တော်၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း ဖွင့်ပွဲကျင်းပ

 

 

နေပြည်တော်    ဒီဇင်ဘာ   ၁၇

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နယ်ပယ်ရှိ လုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိရေး၊ ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့ကို ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှု သင်တန်းများနှင့် ဘာသာစကား သင်တန်းများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက “ဟိုတယ်များတွင် တည်းခိုသော ဧည့်သည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်နိုင်ရေးနှင့် စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရသည့်အပြင် အိမ်မှဝေးသောအိမ် (Home Away From Home) ဆိုသည့် စကားကဲ့သို့ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော နေရာလေးတစ်ခုအဖြစ် ဖန်တီးပေးနိုင်ရန် လိုအပ်ကြောင်း၊ ၎င်းအပြင် ဟိုတယ်များ၌ အော်ဂဲနစ်စိုက်ခင်းများ၊ ဧည့်သည်များ ကိယ်တိုင်ချက်ပြုတ်နိုင်သော စားဖိုဆောင်များကို ဖန်တီးပေးခြင်းဖြင့်  ဧည့်သည်များ၏ ကျေနပ်နှစ်သိမ့်မှုကို ရရှိနိုင်ပြီး နေထိုင်မှု အချိန်ကြာမြင့်အောင် ဆွဲဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဟိုတယ်များ၏ သန့်ရှင်းသာယာလှပရေးနှင့် ပြယုဂ်ကောင်းမွန်အောင် ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများတွင် တွေးခေါ်ကြံဆတတ်သည့် အသိပညာ လေ့ကျင့်ပျိုးထောင်ရေး၊ ဝတ်စားဆင်ယင်မှုမှအစ တစ်ကိုယ်ရေသန့်ရှင်းရေးကိုပါ ဂရုစိုက်ပြုပြင်ပေးရန်လိုအပ်ကြောင်း၊ ဟိုတယ်များအတွက် ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ဒေသထွက် ပစ္စည်းများကို သုံးစွဲနိုင်မှသာ အမှန်တကယ် ဆင့်ပွားအကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရေး  ကြိုးစားသင်ယူသွားကြရန်” အမှာစကားပြောကြားသည်။ ဆက်လက်၍ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး (၂) သင်တန်းနည်းပြ ဦးသိန်းမြင့်က သင်တန်း ဖြစ်မြောက်လာပုံနှင့် သင်တန်းဖွင့်လှစ်ပို့ချရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။

 

အဆိုပါအခမ်းအနားသို့ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  သင်တန်းခန်းမသို့ သွားရောက်ကာ သင်တန်းပို့ချနေမှုကို ကြည့်ရှုစစ်ဆေးသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၄၅ ဦး တက်ရောက်ကြပြီး ဧည့်ကြိုဝန်ဆောင်မှု၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးမှု၊ စီမံခင်းကျင်းမှုသင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းမှု စသည့်ဘာသာရပ် လေးမျိုးဖြင့် နှစ်လကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ရှိ ဟိုတယ်များ၏ အော်ဂဲနစ် အသီးအနှံ ထုတ်ကုန်များနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ခင်းကျင်းပြသမှုများ၊ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ် အသုံးချနေမှု အစီအမံများကို ကြည့်ရှုအားပေးခဲ့ပြီး  ဟိုတယ်များမှ ထုတ်ကုန်များအား အမှတ်တရ ပစ္စည်းအတွက်သာမက ယခုထက် ပိုမိုတွင်ကျယ်စွာ ထုတ်လုပ်နိုင်ရေးကြိုးစားကြရန်၊ ထုတ်ကုန်များကို လှပစွာ ထုပ်ပိုးခြင်းကအစ ထုတ်လုပ်မှုအဆင့်တိုင်းအတွက် အရည်အသွေးရှိသော ထုတ်ကုန်များ ဖြစ်လာစေရေး ကြိုးစားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

MDN

 

mdn