နေပြည်တော်၌ ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်

နေပြည်တော် မေ ၂၄

 

နေပြည်တော်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲကို မေ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊  နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် နေရပ်စွန့်ခွာပြည်သူများ တက်ရာက်ကြသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက “တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏နေရပ်မှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်ကြသည့် ပြည်သူများကို နိုင်ငံတော်က စားရေရိက္ခာ ထောက်ပံ့မှုကို နေပြည်တော်ကောင်စီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အခုလို ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်တွင် ရောက်ရှိနေထိုင်ကြသည့်အခါ စိတ်အေးချမ်းသာစွာဖြင့် နေထိုင်ကြပြီး ဒေသအကျိုး၊ ရပ်ရွာအကျိုး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်လုပ်ငန်း တိုးတက်ရေးကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်က မြို့နယ်အလိုက် ဆန်ရိက္ခာထောက်ပံ့ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီ အတွင်းရေးမှူးတို့က နေပြည်တော်အတွင်း ရောက်ရှိနေသော နေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လက်ခံရယူကြပြီး နေရပ်စွန့်ခွာ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် နေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ယနေ့ နေပြည်တော်ရှိ မြို့နယ်အသီးသီးတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ရာတွင် တပ်ကုန်းမြို့နယ်မှ ၈၅ ဦး၊ ဥတ္တရသီရိမြို့နယ်မှ ၄၄ ဦး၊ ဇေယျာသီရိမြို့နယ်မှ ၁၃၃ ဦး၊ ပုဗ္ဗသီရိမြို့နယ်မှ ၄၀၉ ဦး၊ ပျဉ်းမနားမြို့နယ်မှ ၁၅၁ ဦး၊ ဇမ္ဗူသီရိမြို့နယ်မှ ၁၈၇ ဦး၊ လယ်ဝေးမြို့နယ်မှ ၁၃၅ ဦး၊ ဒက္ခိဏသီရိမြို့နယ်မှ ၂၈၁ ဦး စုစုပေါင်း ၁၄၂၅ ဦး အတွက် ဆန် ၂၄ ပြည်အိတ် ၄၄၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)