နေပြည်တော်၌ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာသင်တန်းနှင့် ဗုဒ္ဓဘာသာ အခြေခံ(ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၁

မျိုးဆက်သစ် လူငယ်လူရွယ်များ လိမ္မာယဉ်ကျေးမှုရှိစေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်အညီ ပြုမှုကျင့်ကြံ နေထိုင်တတ်စေရန် ရည်ရွယ်၍ ယဉ်ကျေးလိမ္မာသင်တန်း၊ အဘိဓမ္မာ သင်တန်းနှင့် ဗုဒ္ဓဘာသာအခြေခံ (ဆရာဖြစ်) သင်တန်းများ ဖွင့်ပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက ပျဉ်းမနားခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှတာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA မှ ဒုတိယဥက္ကဋ္ဌ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ အောင်မင်းကျော်သူက ဗုဒ္ဓဘာသာအခြေခံ(ဆရာဖြစ်) သင်တန်းနှင့်ပတ်သက်၍ သင်ကြားမည့် ဘာသာရပ်များကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)မှ ယဉ်ကျေးလိမ္မာ သင်တန်းနည်းပြ ဆရာမကြီး ဒေါ်ခင်လင်းက သင်ကြားမည့် ဘာသာရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA မှ နာယကနှင့်တာဝန်ရှိသူများက ဗုဒ္ဓဘာသာ အခြေခံ (ဆရာဖြစ်) သင်တန်းအတွက် သင်ကြားရေးစာအုပ် ၁၅၀ ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးထံ ပေးအပ်လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း သားသမီးများနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း သားသမီးများ ကျောင်းသား ကျောင်းသူ ၅၀ တို့အား  ဧပြီ ၁ ရက်မှ ၅ ရက်အထိလည်းကောင်း၊ အဘိဓမ္မာ သင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် ၄၀ တို့အား ဧပြီ ၁ ရက်မှ ၅ ရက်အထိလည်းကောင်း၊ ဗုဒ္ဓဘာသာ အခြေခံ (ဆရာဖြစ်)သင်တန်းကို နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် မိသားစုဝင် ၄၀ တို့အား ဧပြီ ၁ ရက်မှ ၇ ရက်အထိ လည်းကောင်း သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၏ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သားသမီးများ အတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲကို ဧပြီ ၁ ရက် နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီရှိ မင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးတင်ဦးလွင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA မှ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၅၀ နှင့် ကျောက်စိမ်းကိုးလုံး ပုတီး အကုံး ၁၀၀၀ အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အထက်မြန်မာပြည်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် YMBA ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းကျော်သူတို့ကလည်းကောင်း၊ မဟာမင်္ဂလ ဓမ္မဇောတိကဓဇ  မင်္ဂလဓမ္မဇောတိကဓဇ ဒေါက်တာ စိုးသိန်းနှင့် ဒေါ်ခင်ချိုအုန်းမိသားစုက နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီသို့ အလှူငွေကျပ် သိန်း ၆၀ ကို လှူဒါန်းကြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးက လက်ခံသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအနက်  Grade 3 မှ Grade 5 အထိ အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၆၃ ဦးနှင့် Grade 6 မှ Grade 8 အထိ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ  ၄၀ စုစုပေါင်း  ၁၀၃  ဦး တက်ရောက်ကြပြီး ဧပြီ ၁ ရက်မှ ၅ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)