နေပြည်တော် ဇူလိုင် ၆

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်းရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေကန် ရေဝေရေလဲဧရိယာအတွင်းရှိ အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောတို့အတွင်းရှိ တောနိမ့်တောပါး၊ ကွက်လပ်ဖြစ်ပေါ်နေသော တောင်ကုန်းများတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို ပြုလုပ်ခဲ့သည်။

 

နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေချောင်း ရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုးဝိုင်း အကွက်အမှတ် (၁၅) ရှိ ဧရိယာဧက ၂၀၀ တွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား လေးမျိုးဖြစ်သည့် ကုက္ကို၊ စစ်၊ မဲဇလီ၊ ဘောစကိုင်း သစ်စေ့များဖြင့်ပြုလုပ်သော သစ်စေ့မြေလုံးပေါင်း ၁၀၀၀၀၀ ကြဲချပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအောင်ဇေယျ၊ နေပြည်တော် လေတပ်စခန်း စခန်းမှူး၊ တပ်မတော် (လေ) မှ တပ်မတော်သားများ၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ကြဲချကြသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးကန် ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာဧက ၄၃၀ တွင် ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား လေးမျိုးဖြစ်သည့် ကုက္ကို၊ ဘောစကိုင်း၊ မဲဇလီ၊ အော်ရီးရှားသစ်စေ့များဖြင့် ပြုလုပ်ထားသော သစ်စေ့မြေလုံး စုစုပေါင်း ၂၀၀၀၀၀ ကြဲချခြင်းအခမ်းအနားသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ရှမ်းပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုင်းဝမ်းလိုင်းတစ်၊ ပြည်နယ်လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တပ်မတော် (လေ) မှ တပ်မတော်သားများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြပြီး သစ်စေ့မြေလုံးများအား ရဟတ်ယာဉ်ဖြင့်ကြဲချခြင်းကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

 

သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်ဖြင့် ဧရိယာကျယ်ဝန်းစွာ စိုက်ပျိုးဆောင်ရွက်နိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများတွင် ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက် ထိရောက်မှုရှိကြောင်းနှင့် ၂၀၂၆ ခုနှစ် မိုးရာသီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်း ရေဝေရေလဲဒေသအတွင်းနှင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးအနောက် ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုများကို ဒီဇင်ဘာလတွင် နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှုကာလနှင့် သစ်စေ့မျိုးအလိုက် ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုကို စာရင်းကောက် ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်