နေပြည်တော်ရေပန်းဥယျာဉ်၌ သီတင်းကျွတ်ပွဲတော်ကာလအတွင်း ညဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ကျင်းပမည်

နေပြည်တော် အောက်တိုဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်းထမ်းများ၊ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများ သီတင်းကျွတ်ပွဲတော်ကာလအတွင်း အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ ဇဗ္ဗူ သီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်၌ ညဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

 “ ဒုတိယအကြိမ် ကျင်းပတဲ့ ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်မှာ ထိုင်း၊ တရုတ်၊ မြန်မာအစားအစာ ၊ ပင်လယ်စာ၊ အထောင်းမျိုးစုံ စတဲ့ အစားအစာတွေ အပြင် မီးရောင်စုံ လင်းတဲ့အရုပ်အရောင်းဆိုင်တွေအပါအဝင် ဆိုင်ခန်းပေါင်း ၅၀ ကျော် ဖွင့်လှစ်ရောင်းချပေး သွားမှာပါ၊ လာရောက်လည်ပတ်ကြတဲ့ ပြည်သူတွေ အမှတ်တရ ဓာတ်ပုံရိုက်လို့ရမယ့် နောက်ခံဒီဇိုင်းတွေ ၊ မီးရောင်စုံနဲ့ ပြုလုပ်ထားတဲ့အရုပ်တွေနဲ့ PhotoBooth တွေပါဝင်ပါတယ်၊ သီတင်းကျွတ် ပွဲတော်ကာလမှာ ရေပန်းဥယျာဉ် ညဈေးက ရောင်စုံမီးတွေနဲ့ လှပတဲ့ညဖြစ်မှာမို့ လာရောက် အပန်းဖြေကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု နေပြည်တော် ရေပန်းဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နေပြည်တော်ရေပန်းဥယျာဉ် ညဈေးရောင်းပွဲတော်ကျင်းပမည့် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ နိုင်ငံကျော်တေးသံရှင်များက DJ ၊ Band အဖွဲ့များနှင့်အတူ ညနေ ၆ နာရီမှ စတင်၍ ည ၉ နာရီအထိ သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဈေးရောင်းပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြသူများအနေဖြင့် နေပြည် တော်ရေပန်းဥယျာဉ် ဝင်ကြေးအဖြစ် ၅ နှစ်နှင့် အထက်ကလေးတစ်ဦးနှင့် လူကြီးတစ်ဦးလျှင် ငွေကျပ် ၃၀၀၀ ကျသင့်မည်ဖြစ်ပြီး (၅) နှစ်အောက်ကလေးများကို အခမဲ့ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ 

ဟိန်းမင်းစိုး