နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း(အရာထမ်း)များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ 

နေပြည်တော် ဧပြီ ၅

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသော နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်း (အရာထမ်း) များ၏ လစာငွေများကို ATM စက်များမှ ထုတ်ယူနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး မှာကြားသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နေပြည်တော်ရှိ အရာထမ်းများ၏ လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များနှင့် ပုဂ္ဂလိကဘဏ်များ၏ ATM စက်များမှ ATM ကတ် များဖြင့် ထုတ်ယူခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်လီငွေပေးစနစ် (Retail Payment System) ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငွေသားကိုင်ဆောင် အသုံးပြုမှုနည်းသည့် ငွေရေးကြေးရေးစနစ် (Cashless Society) ဖော်ဆောင်နိုင်စေရန်နှင့် ATM ကိုင်ဆောင်သူများအနေဖြင့် ATM ငွေထုတ်ကတ်များဖြင့် ငွေပေးချေမှုဆောင်ရွက်ခြင်းကို အကျွမ်းတဝင် ဖြစ်လာစေရန်ရည်ရွယ်၍ ATM စက်များမှ ငွေထုတ်ယူမှုများကို အစိုးရဌာနများ၌ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်ရှိ ဝန်ကြီးဌာန၊ အစိုးရဌာနအဖွဲ့အစည်းများ၌ နိုင်ငံပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များ၏ ATM စက်များ တပ်ဆင်ထားခြင်း မရှိသေးသည့် ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ATM စက်များကို တပ်ဆင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းသို့ မြန်မာ့စီးပွားရေးဘဏ်၏ ATM စက်များ တပ်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများအနေဖြင့် စက်တပ်ဆင်မည့်နေရာ သတ်မှတ်ပေးခြင်း၊ လျှပ်စစ်မီးလိုင်းနှင့် အင်တာနက်လိုင်းများ သွယ်တန်းနိုင်ရေး ဆောင်ရွက်ခြင်းတို့ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ်ဆက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက ATM စက်များ ဖြန့်ခွဲထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြု ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်