နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းကို အဆင့်မြှင့်တင်လျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၇

နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းကို ၂၄ ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး လမ်းဦးစီး ဌာန မှ သိရှိရသည်။

နေပြည်တော်(တောင်ညို)-မြို့သစ်-ကန်ပြား(မကွေး)လမ်းသည် နေပြည်တော် ကောင်စီနယ်မြေနှင့် မကွေးတိုင်းဒေသကြီးကို ချိတ်ဆက် ဆက်သွယ်ပေးထားသော လမ်းပိုင်း တစ်ခုဖြစ်ပြီး  စုစုပေါင်း လမ်းမိုင်အရှည် ၇၉/၄ မိုင် အရှည်ရှိကာ မကွေးတိုင်း ဒေသကြီးအတွင်း ပါဝင်သည့် ၅၆ မိုင် ၆ ဖာလုံကို မကွေးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ  အဆင့်မြှင်တင် လျက်ရှိသည်။
    
“လမ်းက ကတ္တရာလမ်းအဖြစ် အသုံးပြုနိုင်ပြီးသား ဖြစ်ပါတယ်။ ပြည်သူတွေ ပိုမို အဆင်ပြေလွယ်ကူစွာ သွားနိုင်ဖို့ ၁၈ ပေ အကျယ်ရှိတဲ့ ကတ္တရာလမ်းကို ၂၄ ပေ အကျယ်ရှိတဲ့ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်မှု ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တဲ့အချိန်မှာ ၂၄ ပေ အကျယ်က ၁၀ မိုင် ၆ ဖာလုံ ရှိမှာဖြစ်ပါတယ်။ ၁၈ ပေ အကျယ်က ၄၆ မိုင်ကျန်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မကွေး ဘက်ခြမ်းမှာ လမ်းပိုင်းအဆင့်မြှင့်တင်မှုဟာ ရာခိုင်နှုန်းအားဖြင့် ၁၉ ရာခိုင်နှုန်း ပြီးစီးမှာဖြစ်ပါ တယ်။” ဟု မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးစံမင်းအောင် က ပြောကြားသည်။

ပြည်သူများ ပိုမိုအဆင်ပြေ လွယ်ကူစွာ သွားလာနိုင်ရန်နှင့် ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ရန်အတွက်  လမ်းဦးစီးဌာန၏ ရည်ရွယ်ချက်၊ စီမံချက်နှင့်အညီ ရရှိသည့် ရန်ပုံငွေအပေါ် မူတည်ကာ ၂၄ ပေအကျယ် ချဲ့ရန် ကျန်ရှိနေသော ၁၈ ပေ အကျယ် ကတ္တရာလမ်း ၄၆ မိုင်ကို ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရှိရသည်။ 

မင်းဟန်