နေပြည်တော်တွင်ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်ခိုးယူမှု(၂)မှုမှ ပြစ်မှုကျူးလွန်သူများအား ယာဉ်(၂)စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်   ၃    ဇူလိုင်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် မော်တော်ယာဉ်ခိုးယူမှုနှစ်မှုမှ ပြစ်မှုကျူးလွန်သူများအား ယာဉ်နှစ်စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ စံပယ်အိမ်ရာတိုက်ရှေ့ ကားပါကင်တွင်ရပ်ထားသည့် ယာဉ်အမှတ် 1R/----  နံပါတ်ပါ Toyota Probox  အမျိုးအစားဌာနပိုင်ယာဉ်မှာ ဇွန် ၂ ရက် ည ၈ နာရီ နောက်ပိုင်း ခိုးယူခံရသဖြင့် အမှတ်(၅)နယ်မြေရဲစခန်း(ပ)၃၉/၂၀၂၀၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ခဲ့ပြီး ဇွန် ၂၂ ရက် ည ၁၀ နာရီ နောက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ရတနာရွှေဘုံလမ်းမပေါ်တွင် ရပ်တန့်ထားသည့် ယာဉ်အမှတ် 5L/---- နံပါတ်ပါ Probox အမျိုးအစားကိုယ်ပိုင်ယာဉ် ခိုးယူခံရသဖြင့် အမှတ်(၉) နယ်မြေ ရဲစခန်း (ပ)၄၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား)ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း။

 

ရဲတပ်ဖွဲ့မှ စုံစမ်းသတင်းရယူပြီး ယခင်ပြစ်ချက်ဟောင်း ရှိသူ(၂)ဦးကို ခြေရာခံ စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ နန်းခုတ်ကျေးရွာနေ အောင်ဇော်လွင်(ခ)ရှမ်းလေး၊ လယ်ဝေးမြို့နယ်၊ ပန်းညိုစမ်းကျေးရွာနေ ထက်ထက်(ခ) ထက်ထက်အောင်နှင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်နေ အောင်ဌေးတို့(၃)ဦး ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်ပြီး ထက်ထက်(ခ) ထက်ထက်အောင်အား လယ်ဝေးမြို့နယ်၌လည်းကောင်း၊ အောင်ဇော် လွင် (ခ)ရှမ်းလေးအား ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ နမ်းခုတ်ကျေးရွာ၌လည်းကောင်း ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

 

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်ဌေးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား စစ်မေးရာယာဉ်များကို လူပြတ်ချိန်၊ လူသူရှင်းချိန်တွင် ယာဉ်မှန်တံခါး ရိုက်ခွဲ၍ သော့တုများဖြင့်ဖွင့်ပြီး ခိုးယူခဲ့ကြောင်း၊ သက်သေခံ မော်တော်ယာဉ်များကို တောင်ကြီးမြို့တွင် ရောင်းချထားကြောင်းသိရှိရ၍ ဆက်လက်ဖော်ထုတ် ချက်အရ ၎င်းယာဉ်(၂)စီးအား ဇူလိုင် ၂ ရက်တွင် သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူများအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာအရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

 

(သတင်းစဉ်)