နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

 (၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

======================

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်

လွန်ခဲ့သော(၂၄)နာရီအတွင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်နှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့သည်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပြီး ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။

ညအပူချိန်များမှာ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့သည်။

ထူးခြားသည့် ညအပူချိန်များမှာ ဟဲဟိုးမြို့နှင့် ဟားခါးမြို့တို့တွင် (၂)ဒီဂရီစင်တီဂရိတ်စီ၊တွန်းဇံမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ ကျောက်မဲမြို့၊ နမ့်စန်မြို့၊ ပင်လောင်းမြို့၊ လွိုင်လင်မြို့၊ တီးတိန်မြို့နှင့်မင်းကင်းမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြသည်။

မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မိုင်းဆတ်မြို့တွင် (၀.၅၉)လက်မနှင့် မြဝတီမြို့နှင့် သထုံမြို့တို့တွင် (၀.၀၄)လက်မစီတို့ ဖြစ်ကြသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာစိပ်စိပ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်အခြေအနေမှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုး/ဇလ