နေရပ်ဆီ ပြန်သွားတော့မယ့် အမှိုက်များ

ကလျာမိုးမြင့်

 

အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ကနေဒါနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာအောင် သံတမန်ရေးရာ ကတောက်ကဆတ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် တန်ချိန်ပေါင်းများစွာရှိတဲ့ အမှိုက်သရိုက်တွေကို ကနေဒါနိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။ သံတမန်ရေးရာ ကတောက်ကဆတ် ဖြစ်ပွားမှုမှာ ဖိလစ်ပိုင်သမ္မတဒူတာတေးက ကနေဒါဆီကလာခဲ့တဲ့ အမှိုက်တွေကို ကနေဒါဆီ သင်္ဘောနဲ့လာစွန့်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

 

သင်္ဘောနဲ့ပြန်ပို့

 

၂၀၁၄ ခုနှစ်မှာတုန်းက အမှိုက်တွေကို မနီလာမြို့ဆီ ပို့ဆောင်လာခဲ့ချိန်မှာ ဒီအမှိုက်တွေကို ပြန်လည်သန့်စင်အသုံးပြုမယ်ဆိုတဲ့ ခေါင်းစဉ်တပ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံသားတွေက ပြောပါတယ်။ ကနေဒါနိုင်ငံက အဲဒီအမှိုက်တွေ သယ်ဆောင်ရွှေ့ပြောင်းမှုနဲ့ စွန့်ပစ်ဖယ်ရှားမှုတွေအတွက် ကုန်ကျစရိတ်အားလုံးကို ကျခံခဲ့ဖို့ သဘောတူခဲ့ပါတယ်။ စွန့်ပစ်ပစ္စည်းကုန်သေတ္တာပေါင်း ၆၉ လုံးခန့်ကို ကုန်တင်သင်္ဘောကြီးတစ်စင်းနဲ့ မနီလာမြောက်ပိုင်း စူဘစ်ပင်လယ်အော်ဆီကနေ ခုတ်မောင်းပြီး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

အမှိုက်တွေအတွက် ကျွန်ုပ်တို့ နှုတ်ဆက်တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တက်ဒီလော့ဆင်ဂျာက သောကြာနေ့နံနက်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ တွစ်တာပေါ်မှာ ဆူညံပေါက်ကွဲတဲ့ အရေးအသားမျိုးတွေကြောင့် လူသိများတဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ဒီလော့ဆင်ဟာ အမှိုက်တွေတင်ထားတဲ့ သင်္ဘောဆိပ်ကမ်းကနေ ထွက်ခွာတဲ့ရုပ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို တွစ်တာပေါ်မှာ တင်ထားခဲ့ပါတယ်။

 

နိုင်ငံတကာစည်းမျဉ်းအတိုင်းဆောင်ရွက်

 

တန်ချိန် ၁၅၀ဝ လောက်ရှိတဲ့ အမှိုက်သရိုက် စွန့်ပစ်ပစ္စည်းတွေကို ကနေဒါနိုင်ငံ ဗန်ကူဗာမြို့ဆီ သင်္ဘောနဲ့ အရောက်ပို့ဆောင် သွားမှာဖြစ်ပြီး ဇွန်လကုန်လောက်မှာ ရောက်ရှိမယ်လို့ ခန့်မှန်းရတယ်။ ဒါတွေကို အဲဒီမှာ သန့်စင်ပြုပြင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ခုလိုလုပ်ရတဲ့အကြောင်းက ကနေဒါကနေ အစပြုပြီးရောက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ နိုင်ငံတကာစည်းမျဉ်းတွေကို ကျွန်ုပ်တို့ လိုက်နာဖို့ လုပ်နေတယ်ဆိုတဲ့အကြောင်း ထုတ်ဖော်ပြသလိုက်တာပဲလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကနေဒါ ပါလီမန်အတွင်းဝန် စိန်ဖရာဆာက ပြောကြားခဲ့ပါတယ်။

 

တရားမဝင်တင်ပို့လာတဲ့ ပစ္စည်းတွေပါနေ

 

အမှိုက်သရိုက်ကိစ္စဟာ ကနေဒါနိုင်ငံအတွက် သိပ်ကိုအရေးကြီးတဲ့ ဦးစားပေးကိစ္စဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင် ဖိလစ်ပိုင်အစိုးရက လုပ်ဆောင်လိုက်ပြီးတဲ့နောက်မှာ နှစ်များစွာကြာအောင် မတင်မကျဖြစ်နေခဲ့တဲ့ အဲဒီ အကြောင်းအရာကို ဖြေရှင်းဆောင်ရွက်ဖို့အတွက် ကနေဒါနိုင်ငံက မကြာသေးခင် ရက်သတ္တပတ်တွေ အတွင်းမှာပဲ မြန်မြန်ဆန်ဆန် လှုပ်ရှားလာတာ ဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။

 

အရှေ့တောင်အာရှ နိုင်ငံတစ်လွှားက နိုင်ငံတွေဟာ ၎င်းတို့ရဲ့ ကမ်းခြေတွေဆီကို ပို့ဆောင်လာတဲ့ အနောက်နိုင်ငံတွေဆီက အမှိုက်သရိုက် အစုအဝေးကို ပြန်သယ်သွားကြဖို့ တိုက်တွန်းတောင်းဆိုနေကြပြီ ဖြစ်တယ်။ အဲဒီထဲကတချို့အမှိုက်တွေဟာဆိုရင် တရားမဝင် တင်ပို့လာခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေ ဖြစ်တယ်လို့ အငြင်းပွားစရာ ဖြစ်ပါတယ်။

 

ပိတ်ပင်မှုစလုပ်

 

စွန့်ပစ်ပစ္စည်း အစုအဝေးကို နှစ်များစွာကြာအောင် တင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံက ပြည်ပက အမှိုက်သရိုက်တွေဝင်လာမှုကို ပိတ်ပင်တားဆီးမှု စလုပ်လိုက်ပြီးနောက်မှာ ဖွံ့ ဖြိုးပြီး နိုင်ငံတွေဆီက တင်ပို့လာတဲ့ အမှိုက်သရိုက်တွေရဲ့ ပမာဏကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီတော့ ရလဒ် အနေနဲ့ ပြန်လည်သန့်စင် အသုံးပြုနိုင်တယ်လို့ တလွဲခေါင်းစဉ်တပ်ခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖွံ့ ဖြိုးပြီး အခြားနိုင်ငံတွေဆီ ပြန်ပို့ဆောင်ခဲ့ပြီး ဒါတွေကိုအခုအချိန်မှာ ပြန်လည်အကောင်အထည် ဖော်နေပြီ ဖြစ်ပါတယ်။

 

တရားရုံးက အမိန့်ချ

 

၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း ပြန်လည် သန့်စင်အသုံးပြုမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှိုက်သရိုက်ကုန်သေတ္တာတွေကို သင်္ဘောနဲ့ ပို့ဆောင်လာခဲ့တဲ့ကိစ္စကို ဖိလစ်ပိုင်အာဏာပိုင်တွေက ဦးစွာဖွင့်ဟဖော်ထုတ်လိုက်တာပါ။ မနီလာနိုင်ငံ တကာကုန်တင်သင်္ဘောဆိပ်ကမ်းမှာ ရောက်လာတဲ့ ကုန်သေတ္တာတွေမှာ ပြန်လည်သန့်စင်သုံးစွဲနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေ ပါတယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းကျတော့ အိမ်သုံးစွန့်ပစ်ပစ္စည်း တန်ချိန်များစွာကို လက်ခံခဲ့ရတယ်။ ၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်တရားရုံးကစွန့်ပစ်ပစ္စည်းတွေကို မူလနေရာဖြစ်တဲ့ ကနေဒါဆီသင်္ဘောနဲ့ ပြန်လည် ပို့ဆောင်ဖို့ အမိန့်ချမှတ်လိုက်ပြီး ပြန်ပို့တဲ့ ကုန်ကျစရိတ်ကိုလည်း အဲဒီနိုင်ငံကပဲ ကျခံစေဖို့ အမိန့် ထုတ်လိုက်ပါတယ်။

 

ကနေဒါ ပျက်ကွက်

 

အမှိုက်တွေပြန်သယ်သွားဖို့ နောက်ဆုံးသတ်မှတ်ရက်ပေးထားတဲ့ မေ ၁၅ ရက်မှာ ကနေဒါနိုင်ငံက ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပြီးတဲ့ နောက်ယခုလအစောပိုင်းမှာ ဖိလစ်ပိုင်ဟာ ကနေဒါနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို အော့တဝါကနေ ပြန်လည် ဆင့်ခေါ်လိုက်ပြီး အဲဒီနောက်မှာမှ ကနေဒါက အမှိုက်တွေကို ပြန်လည်ယူဆောင်သွားဖို့ ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်မယ်လို့ ဆိုလာပါတယ်။

 

ဖိလစ်ပိုင်ခြိမ်းခြောက်

 

ပြောစရာရှိလာရင် ဘယ်သူ့မျက်နှာကိုမှ မထောက်ထားဘဲ ဟောဟောဒိုင်းဒိုင်း ပြောချတတ်တဲ့သူအဖြစ် လူသိများလှတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲ့တဲ့လအတွင်းက အကယ်၍ အမှိုက်ကိစ္စကို မဖြေရှင်းဘူးဆိုရင် အဲဒီအမှိုက်တွေ အားလုံးကို ကနေဒါဆီပြန်ပို့ဆောင်မယ်။ ပြန်ပို့တဲ့ အမှိုက်တွေကို ကနေဒါကလက်မခံဘူးဆိုရင် ဖိလစ်ပိုင်ကလည်း အဲဒီနိုင်ငံတွေက ကမ်းခြေရဲ့ အခြေခံ နယ်နိမိတ်မျဉ်းကနေ ၁၂ မိုင်လောက်ကွာဝေးတဲ့ ပင်လယ်ရေပိုင်နက်ထဲကို ၎င်းတို့ဆီကရောက်လာတဲ့ ပမာဏအတိုင်း အမှိုက်တွေ လာစွန့်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။

 

အများပြည်သူကျန်းမာရေးကို ထိခိုက်စေ

 

ပြန်လည်သန့်စင်ဖို့ဆိုပြီး မနီလာဆိပ်ကမ်းကို ရောက်လာတဲ့ ကုန်သေတ္တာတွေထဲမှာ နေအိမ်သုံး စွန့်ပစ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတဲ့အပြင် ကျန်တဲ့ ကုန်သေတ္တာတွေကို ၂၀၁၅ ခုနှစ်က စုံစမ်းခဲ့ရာမှာ နေအိမ်သုံးစွန့်ပစ်ပစ္စည်းတွေနဲ့ လမ်းဘေးအမှိုက် သရိုက်တွေ အပါအဝင် အန္တရာယ်မရှိတဲ့ မြူနီစီပယ် စွန့်ပစ်အမှိုက်တွေ ပါနေတယ်ဆိုတာကို တွေ့ရှိ ရတယ်လို့ ဆိုပါတယ်။ အဲဒီအမှိုက်သေတ္တာတွေ ကြောင့် ဆိပ်ကမ်းတွေ ပြည့်ကျပ်မှုဖြစ်စေပြီး အများ ပြည်သူကျန်းမာရေးကိုလည်း အန္တရာယ် ဖြစ်စေ နိုင်တယ်လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။

 

ဖိလစ်ပိုင်ဆီ ရောက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်း တွေကို မူလနေရာဖြစ်တဲ့ ကနေဒါဆီသင်္ဘောနဲ့ ပြန်သယ်ဖို့ အမိန့်ချလိုက်တဲ့ ၂၀၁၆ ခုနှစ်မှာပဲ ကနေဒါဟာ အလားတူ အခြေအနေမျိုး နောက်တစ်ဖန်ထပ်မဖြစ်ရစေဖို့ ကာကွယ်တားဆီးတဲ့ အနေနဲ့ အန္တရာယ်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေ သင်္ဘောနဲ့ပို့ဆောင်မှုနဲ့ ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းတွေကို ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာ ခဲ့ပါတယ်။

 

ဖိလစ်ပိုင်လိုပဲ အရှေ့တောင်အာရှအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံကလည်း ဩစတြေးလျနိုင်ငံဆီက ရောက်လာတဲ့ စွန့်ပစ် ပလတ်စတစ်အမှိုက် တန်ချိန် ၁၀ဝကျော်ကို ဩစတြေးလျနိုင်ငံဆီ ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ အဲဒီစွန့်ပစ်ပစ္စည်းတွေဟာ ပြန်လည်သန့်စင်ဖို့ သိပ် ကို ညစ်ညမ်းမှုဖြစ်စေနိုင်တာကြောင့် ဖြစ်တယ်လို့ မလေးရှားအစိုးရက ပြောကြားခဲ့ပြီး အမှိုက်တွေကိစ္စမှာ ဘယ်ကုမ္ပဏီတွေက တာဝန်ရှိတယ်ဆိုတာ ကိုတော့ အမည်တပ် ပြောဆိုခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မလေးရှားနိုင်ငံကကမ္ဘာ့အမှိုက်ပုံ အဖြစ် မခံနိုင်ဘူး။ ဒါကို ပြန်တုံ့ပြန်ရမှာပဲလို့ မလေးရှား ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးယိုဘီရင်က ပြောကြားခဲ့ပါတယ်။

 

ကိုးကား- ဘီဘီစီ၊ ဂါဒီးယန်း