နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးစခန်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်

နေပြည်တော် ၂၁ ဇန်နဝါရီ

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်အရ ဇန်နဝါရီ ၂၃ ရက်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းတွင် လက်ခံရေးစခန်းများ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာ ထွန်းကျော်က ပြောသည်။

 

၎င်းက “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြန်လည်လက်ခံရေးစခန်းတွေမှာ ဝင်ရောက်လာမယ့်လူတွေအတွက်  ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် အစီအစဉ်တွေကို စီမံဆောင်ရွက်ပြီးဖြစ်ပါတယ်။ ပြန်လည်လက်ခံရေးအစီအစဉ်တွေကို လက်ရှိအနေအထားမှာ   ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Program Manager တွေ၊ ညွှန်ကြားရေးမှူးတွေ၊ နောက်ပြီးတော့ ကျွန်တော်တို့နဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ UN အဖွဲ့အစည်းတွေဖြစ်တဲ့ WHO ၊ UNFPA ၊ Unicef ၊ UNOPS က တာဝန်ရှိသူတွေ ပါလာပါတယ်။  ဒီတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီးတော့ ပြန်လည်လက်ခံရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးမယ့် စီစဉ်ထားမှုအနေအထားတွေကို  ဒီနေ့  နောက်ဆုံးအဆင့် နောက်ဆုံးစီစဉ်ထားတဲ့ အခြေအနေတွေကို စီမံခန့်ခွဲဖို့အတွက် လာရောက်ရခြင်းဖြစ်ပါတယ်။

 

“ပြန်လည်လက်ခံဖို့အတွက် အခုအချိန်မှာ သတ်မှတ်ထားတာတော့ စခန်းနှစ်ခု သတ်မှတ်ထားတာ ရှိပါတယ်။ တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းဆိုပြီးတော့ ရှိပါတယ်။ ပြန်လည်ဝင်ရောက်လာမယ့် သူတွေကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သူတို့ရဲ့အစီအစဉ်အတိုင်း စီစစ်ဆောင်ရွက်နေသလို  ကျန်းမာရေးအဖွဲ့တွေကို တာဝန်ချထားပေးပြီးတော့ ဆရာဝန်တစ်ဦး ဦးဆောင်တဲ့ ကျန်းမာရေးဝန်ထမ်း ၁၁ ဦး ပါဝင်တဲ့ကျန်းမာရေး ဝန်ထမ်းအဖွဲ့တွေကို စီစဉ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။

 

“ပြန်လည်ဝင်ရောက်လာတဲ့ သူတွေထဲမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။  အဲ့ဒီမှာ အဓိကထားပြီး စစ်ဆေးမယ့်အကြောင်းအရာကတော့ ပြန်လည်ပြီး  ဝင်ရောက်လာတဲ့ သူတွေထဲမှာ ကူးစက်ရောဂါများပါလာခြင်း ရှိ/မရှိ အဲဒါကိုအဓိကထားပြီး   စစ်ဆေးပါမယ်။  ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ နေခဲ့တဲ့ကာလမှာ ကာကွယ်ဆေးထိုးနှံခဲ့တဲ့ အခြေအနေတွေကို  ပြန်လည်စစ်ဆေးပါမယ်။  အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ လက်ရှိကာကွယ်ဆေးထိုးပေးနေတဲ့ ကာကွယ်ဆေး ၁၁ မျိုးရှိပါတယ်။  အဲ့ဒီကာကွယ်ဆေး ၁၁ မျိုးကို ပြည့်စုံအောင် ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးနှံခြင်း အစီစဉ်ကို ဆောင်ရွက်ပါမယ်။ ဒါ့အပြင် ဝင်ရောက်လာတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်အလေးချိန် တိုင်းတာတာတွေ၊ အရပ်အမြင့်တိုင်းတာတာတွေ၊ အာဟာရပြည့်ဝမှု ရှိ/မရှိ တိုင်းတာတာတွေကို ဆောင်ရွက်ဖို့စီစဉ်ထားတာတွေ ရှိပါတယ်။

 

“ဒါ့အပြင် အသက်အရွယ်ကြီးလာတဲ့သူတွေမှာ ပါလာမယ့် မကူးစက်တတ်တဲ့ရောဂါ၊ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အဲ့ဒီရောဂါတွေပါလာခြင်း ရှိ/မရှိ၊ ဖြစ်ခြင်းရှိ/မရှိ စတာတွေကို စစ်ဆေးပါမယ်။ နောက် ကိုယ်ဝန်ဆောင်မိခင်တွေ ပါလာခဲ့လို့ရှိရင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များကိုလည်း လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးနှံပေးဖို့  စီစဉ်ဆောင်ရွက်သွားဖို့ ဆောင်ရွက်ထားပါတယ်။  

 

“ပြန်လည်လက်ခံရေးစခန်းဖြစ်တဲ့ ငါးခူရစခန်းမှာလည်း ဒီအတိုင်းဆောင်ရွက်သွားပါမယ်။ ဆရာဝန်တစ်ဦး ဦးဆောင်ပြီးတော့ ကျန်းမာရေးဝန်ထမ်း ၁၁ ဦးပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ကို ငါးခူရစခန်းမှာ အခြေစိုက်ထားပြီးတော့ ပြန်လည်ဝင်ရောက်လာတဲ့လူတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့စစ်ဆေးမှုတွေ၊ ကျွန်တော်တို့ဘက်က ဆောင်ရွက်ကြရမယ့် ကာကွယ်ဆေးထိုးတဲ့ လုပ်ငန်းတွေ၊ ဆေးကုသတဲ့လုပ်ငန်းတွေကို လုပ်ပါမယ်။  ဒါကစခန်းမှာ  ဆောင်ရွက်မယ့် အစီအစဉ်တွေပါ။  ဒီပြန်လည်ဝင်ရောက်လာတဲ့သူတွေထဲမှာ ရောဂါပြင်းထန်စွာ ဖြစ်လို့ပဲဖြစ်ဖြစ်၊ အတွင်းလူနာအနေနဲ့ကုသရမယ့် အခြေအနေမျိုးတွေဖြစ်ခဲ့ရင် အဲ့ဒီစခန်းတွေမှာ လူနာတင်ယာဉ်တွေကို အဆင်သင့်ထားပြီးတော့  မောင်တောဆေးရုံကို လွှဲပြောင်းကုသပေးဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

 

“ဒီလက်ခံရေးစခန်းတွေကနေပြီးတော့ လှဖိုးခေါင်စခန်းကို ပြောင်ရွှေ့သွားတဲ့အခါလည်း လှဖိုးခေါင်စခန်းမှာ ဆရာဝန်တစ်ဦး ဦးဆောင်ပြီးတော့ ကျန်းမာရေးဝန်ထမ်း ၁၂ ဦးပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကို စီစဉ်ထားပြီးဖြစ်ပါတယ်။ အဲဒီလှဖိုးခေါင်စခန်းမှာ   ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလုပ်ဆောင်နိုင်ရန် စီစဉ်ထားပါတယ်။ အထူးသဖြင့် ကလေးငယ်များကို သံချဆေးတိုက်ကျွေးတဲ့ အစီအစဉ်တွေ၊ မကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ သွေးတိုးရောဂါတွေ၊ နှလုံးရောဂါတွေ၊ ဆီးချိုရောဂါတွေကို ကျွန်တော်တို့ကုသဖို့ အစီအစဉ်တွေ၊ နောက်ပြီးတော့ အရေးအခင်းကာလမှာ ကာကွယ်ဆေးထိုးနှံဖို့ မပြည့်စုံခဲ့လို့ရှိရင် အဲ့ဒီလှဖိုးခေါင်ကယ်ဆယ်ရေးစခန်းမှာ ဆက်လက်ပြီးတော့ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေး ၁၁ မျိုးကို ပြည့်အောင် ထိုးနှံဖို့စီစဉ်သွားပါမယ်။

 

“အဲဒီတော့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် လှဖိုးခေါင်းစခန်းနဲ့ လက်ခံရေးစခန်းတွေမှာ အအေးလမ်းကြောင်းဆိုင်ရာ ပစ္စည်းတွေကိုလည်း စီစဉ်တတ်ဆင်ထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးများကိုလည်း လုံလုံလောက်လောက် ပို့ထားပြီးဖြစ်ပါတယ်။  ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကာကွယ်ဆေးတွေကို ထိုးနှံနိုင်အောင်လည်း လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို အပြည့်အစုံတတ်ဆင်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအနေအထားအရ  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ပေးပို့တဲ့သတင်းတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိနေတဲ့အချိန်မှာ ကပ်ရောဂါအသွင်ဖြစ်ပွားတဲ့ ဆုံဆို့ရောဂါ ဖြစ်ပွားတဲ့အနေအထားလည်း ကြားရပါတယ်။ ဝမ်းလျှော၊  ဝမ်းပျက်ရောဂါဖြစ်ပွားတဲ့ အနေအထားလေးတွေလည်း ကြားရပါတယ်။  ဒါတွေအတွက်  ပြန်လည်လက်ခံရေးစခန်းတွေမှာ ပြန်လည်လက်ခံတဲ့လူတွေအတွက် ကပ်ရောဂါအသွင် ဖြစ်ပွားမှုမရှိရအောင်၊ ကျွန်တော်တို့ဘက်က ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပြီးတော့ ကာကွယ်ရေးလုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။

 

“ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ လက်ရှိအချိန်တိုကာလအတွင်းမှာ လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေနဲ့ဆောင်ရွက်ပါမယ်။ ရေရှည်အတွက်ဆိုရင် ရခိုင်ပြည်နယ်အတွင်းရှိတဲ့ တခြားမြို့နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှာ အချိန်ပိုင်းတာဝန်ပေးပြီး ဆောင်ရွက်ဖို့အတွက် စီစဉ်ထားပါတယ်။

 

“အကယ်၍ ပိုပြီးတော့ကြာညောင်းလာမယ့် အခြေအနေဆိုရင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် အခြားပြည်နယ်နဲ့ တိုင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဒီလက်ခံရေးစခန်းတွေကို သွားရောက်ပြီးတော့ အချိန်ပိုင်း တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် စီစဉ်ထားရှိပါတယ်။   လက်ခံရေးစခန်းတွေမှာ တစ်နေ့ကိုစခန်းတစ်ခုမှာ ၁၅၀၊  စခန်းနှစ်ခုဆိုတော့ ၃၀ဝ လောက် လက်ခံမယ်လို့သိရတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့ လက်လှမ်းမီးနိုင်ပါတယ်။

 

“တခြားတစ်ဘက်မှာ တိုင်းရင်းသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်တာတွေ လှစ်ဟာမှုမရှိနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ထားပါတယ်” ဟုပြောသည်။

 

တွေ့ဆုံမေးမြန်း- တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ကံထွန်း(ဟံတာမြေ)