နေတိုးအလှည့်အပြောင်း စိန်ခေါ်မှုအပေါင်းနှင့်အတူ

mdn

ကိုရင်သြ - ရေးသားသည်

 

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၃ ရက်မှ ၄ ရက် အထိ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် နှစ်ရက်ကြာ ကျင်းပနိုင်ရန် ယင်းအဖွဲ့၏ခေါင်းဆောင်များ ပြင်ဆင်နေကြသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ မျက်မှောက်ကာလ ကမ္ဘာ့လုံခြုံရေးအခြေအနေကို ထင်ဟပ်နေသော ယင်းအဖွဲ့ကြီး၏ရပ်တည်မှုကို လေ့လာ စေ့ငုမိလေ၏။

 

အဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထား ကွဲလွဲမှုများနှင့် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေစဉ်မှာပင် နေတိုးခေါင်းဆောင်များ တွေ့ဆုံကြမည်ဖြစ်ရာ ယခုနှစ်၏ နေတိုး ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲသည် အကျပ်အတည်းအမျိုးမျိုးကြားမှ ဖြေရှင်းချက် များ ရှာဖွေတွေ့ရှိနိုင်ရန်ရည်ရွယ်ပုံရလေသည်။

 

တွေ့ဆုံမည်  

 

ဆီးရီးယားနိုင်ငံ၏ အတောမသတ် ဆက်လက်ဖြစ်ပေါ်နေဆဲ စစ်ပွဲနှင့် ရုရှား၏ ခြိမ်းခြောက်မှုဟုဆိုသော သံသယစိတ်များ ဝေဝါးထွေပြားနေချိန်တွင် နေတိုးခေါင်းဆောင် ကြီးများ မြို့တော်လန်ဒန်တွင် တွေ့ဆုံကြ ပေမည်။ နေတိုး၏ အဖွဲ့ဝင်များဖြစ်ကြသော အမေရိကန်နှင့် တူရကီနိုင်ငံတို့မှာ လွန်ခဲ့ သည့်လက ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ထိပ်တိုက်ရင်ဆိုင်တွေ့လုနီးအခြေအနေအထိ ဆိုက်ရောက်ခဲ့သည့်ဖြစ်စဉ်မှာလည်း နေတိုး၏ ကြီးမြတ်ထည်ဝါသော နှစ်ပတ်လည်အခါ သမယအပေါ်အရိပ်မည်းကြီးသဖွယ် ထိုးထားသည်ကို တွေ့မြင်ကြရသည်။

 

တူရကီနိုင်ငံသည်အမေရိကန်အပါအဝင် ယင်း၏ မဟာမိတ်နိုင်ငံအများစု၏ဆန္ဒကို ဆန့်ကျင်လျက် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဆင်ရေးလုပ်ငန်းများ ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့၏။ တူရကီသည် ရုရှားလုပ် စစ်လက်နက်ပစ္စည်းများကို ဝယ်ယူဖြည့်တင်း ရန်ဆုံးဖြတ်ခဲ့ခြင်းမှာလည်း ဥရောပနိုင်ငံများနှင့် ဝိရောဓိဖြစ်စရာဖြစ်ရ၏။

 

နေတိုးအဖွဲ့ဝင်နိုင်ငံများကမူ တူရကီ နိုင်ငံကို နေတိုးအတွင်းစည်းတွင် ရှိနေခြင်းက အပြင်စည်းတွင်ရှိနေခြင်းထက် သာလွန် ကောင်းမွန်သည်ဟု ယူဆကြသည်။ နေတိုးအဖွဲ့သည် ဥရောပလုံခြုံရေးကိုသာ အဓိက အာရုံစိုက်ကြောင်း၊ အရှေ့အလယ်ပိုင်းအရေး နှင့်ပတ်သက်၍ မူဝါဒရေးရာညှိနှိုင်းမှုများကို ပြုလုပ်သော အဖွဲ့အစည်းမဟုတ်ကြောင်း မြို့တော်လန်ဒန်ရှိ ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာမှုသိပ္ပံက သုတေသီ ဂျိုနသန်အိုင်းလ် က ပြောကြားသည်။

 

စိုးရိမ်ပူပန်

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှ အမေရိကန် တပ်ဖွဲ့ရုပ်သိမ်းသွားခဲ့ပြီးနောက် ရုရှားတပ်ဖွဲ့ များက ယင်းဒေသတွင် ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်လျက်ရှိသည်။ ဒေသတွင်းမှ အမေရိကန်စွန့်ခွာမှုသည် နေတိုးအဖွဲ့နှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်များရှိခဲ့မှု အဆုံးသတ်သည့် လက္ခဏာလောဟု စိုးရိမ် ပူပန်မှုများ ပေါ်ထွက် လျက်ရှိသည်။

 

 

ပြင်သစ်သမ္မတ အီမင်နျူယယ်မေခရွန် သည် နေတိုးအဖွဲ့ကြီး “ဦးနှောက်သေပြီ” ဟူ၍ပင်ဝေဖန်ပြောကြားခဲ့ပြီး ဥရောပနိုင်ငံများ အနေဖြင့် မိမိတို့၏လုံခြုံရေးကို မိမိတို့ကိုယ်တိုင် တာဝန်ယူသည့်အနေအထားသို့ ကူးပြောင်း သင့်ကြပြီဟု တိုက်တွန်းပြောကြားခဲ့သည်။

 

သမ္မတ မေခရွန်၏ ဝေဖန်ပြောကြား ချက်ကို နေတိုးအထွေထွေအတွင်းရေးမှူး  ယန်းစတိုလ်ဘာ့ဂ်က ပြန်လည်၍ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောကြားခဲ့သည်။ ဥရောပတိုက်၏ စည်းလုံးညီညွတ်မှုကို အတ္တလန္တိတ် သမုဒ္ဒရာ တစ်ဖက်တစ်ချက်စီရှိနိုင်ငံများအကြား သွေးစည်းညီညွတ်မှု၏နေရာတွင် အစားထိုး၍ မရနိုင်ကြောင်း၊ ဥရောပနိုင်ငံများ ညီညွတ်မှု ရှိရန်လိုအပ်သလို အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဖက်စွန်းရှိ အမေရိကန်နှင့်လည်း မိမိတို့သွေးစည်းညီညွတ်မှုရှိရမည်သာဖြစ်ကြောင်း စတိုလ်ဘာ့ဂ်က ရှင်းလင်းပြောဆိုခဲ့သည်။

 

ဥရောပနိုင်ငံများသည် ယနေ့တိုင်အောင်ပင် ရုရှားအားအကြီးဆုံးသော ခြိမ်းခြောက်မှုကို ပြုလုပ်နိုင်သည့် နိုင်ငံအဖြစ် ရှုမြင်နေကြဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ်က ခရိုင်း မီးယားဒေသကို ယင်း၏ပိုင်နက်နယ်မြေနှင့် ချိတ်ဆက်ခဲ့သော ရုရှား၏လုပ်ရပ်ကို ဥရောပ နိုင်ငံများကလက်မခံပယ်ချနေကြဆဲဖြစ်သည်။ ရုရှားသည် သူလျှိုပြုလုပ်ခြင်း၊ ဆိုက်ဘာစစ်ပွဲ ဆင်နွှဲခြင်းနှင့်သတင်းအတုအယောင်ဖြန့်ချိ ခြင်းတို့ကို ဆက်လက်ပြုလုပ် နေသည်ဟု ( ဥရောပနိုင်ငံများက စွပ်စွဲထားကြသည်။

 

နေတိုးစစ်စာချုပ်၏ အပိုဒ်(၅)တွင် လုံခြုံရေးအတွက် စုပေါင်းတာဝန်ယူရန် ဖော်ပြထားသော်လည်း ယနေ့ ကာလတွင် အမေရိကန်၏  ကတိကဝတ်ပျက်ပြားမည့်အခြေအနေအပေါ် ဥရောပနိုင်ငံများက စိုးရိမ်ပူပန် လျက်ရှိကြသည်။ သို့ရာတွင် ဥရောပ၌ အမေရိကန် ကာကွယ်ရေးဌာန(ပင်တဂွန်)၏ အသုံးစရိတ် ဆက်လက် မြင့်တက်နေပြီး ဥရောပတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုပိုမိုဖြစ်ပေါ်နေဆဲဖြစ်ကြောင်း နေတိုးအထွေထွေအတွင်း ရေးမှူး စတိုလ်ဘာ့ဂ်က ပြောကြားသည်။

 

အရှေ့ဥရောပနိုင်ငံအချို့သည် လုံခြုံရေးအရနေတိုးအဖွဲ့အစည်းအပေါ် ယုံကြည်ကိုးစား ခြင်းထက် အမေရိကန် အပေါ် ယုံကြည်ကိုးစား ခြင်းက ပိုမိုကြောင်း မြို့တော်မော်စကိုရှိနိုင်ငံ တကာရေးရာ ရုရှားကောင်စီမှ သုတေသီ အင်ဒရေတူနာ့ဗ်က သုံးသပ်ပြောကြားခဲ့သည်။

 

ကာကွယ်ရေးအသုံးစရိတ်

 

နေတိုးအဖွဲ့အတွင်းရှိ ဥရောပနိုင်ငံများသည် နေတိုးအဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ် ဝန်ထုပ်ဝန်ပိုး မျှဝေတာဝန်ယူသင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်တလဲလဲ တောင်းဆိုခဲ့သည်။ ဂျာမနီနိုင်ငံ သည် နေတိုးအဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ်  အတွက်ယင်းနိုင်ငံ ဂျီဒီပီ (ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး)၏ နှစ်ရာခိုင်နှုန်းရှိလာရန် ရည်ရွယ်ထားသည်ဟု မကြာသေးမီက ပြောကြားခဲ့သည်။ သို့ရာတွင် နေတိုးကာကွယ်ရေး အသုံးစရိတ်ရည်မှန်းချက်ကို ၂၀၃၁ ခုနှစ် အရောက်တွင်မှ ဖြည့်ဆည်းနိုင်လိမ့်မည်ဟု ဆိုသည်။

 

နေတိုးအသုံးစရိတ်ဝန်ထုပ်ဝန်ပိုးကြီးကို ဂျာမနီနိုင်ငံ မျှဝေခံစားရန် သမ္မတ ထရမ့်က  အမြဲတစေ ဖိအားပေးပြောဆိုခဲ့သည်။

 

ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ် သည် လတ်တလောကာလတွင် ဂျီဒီပီ၏ ၁ ဒသမ ၃ ရာခိုင်နှုန်း ခန့်တွင်ရှိနေပြီး ၂၀၂၄ ခုနှစ်ထက်နောက်မကျဘဲ၁ ဒသမ ၅ ရာခိုင်နှုန်း အထိ ရှိလာမည်ဟုဆိုသည်။ နေတိုးအဖွဲ့၏  လုံခြုံရေးဘတ်ဂျက် မျှဝေကျခံရေး သဘော တူညီချက်အရ နိုင်ငံအသီးသီးသည် ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် အတွက် ခွဲဝေချထားပေးရန် လိုအပ်ပေသည်။ ဂျာမနီနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်နိုင်ရေးတွင် ပြည်တွင်း၌ နိုင်ငံရေး သဘောထားကွဲလွဲမှုဖြစ်ပေါ်နေခြင်းမှလည်း ကျော်လွှားလွန်မြောက်နိုင်ရန် ကြိုးပမ်းရ ပေမည်။

 

နေတိုးအဖွဲ့၏နှစ်(၇၀)ပြည့်နှစ်ပတ်လည် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို လန်ဒန် မြို့တွင် ကျင်းပသည့်အခါ အဖွဲ့ဝင် ၂၉ နိုင်ငံမှခေါင်းဆောင်များက သူတို့၏အဖွဲ့ အစည်းကြီး စည်းလုံးညီညွတ်မှုရှိပုံကို ပြသနိုင်ရန် ကြိုးပမ်း ကြပေမည်။ သို့ရာတွင် အမေရိကန်ဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့အစည်းကြီး၏ အနာဂတ်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ များ ရှိလာပေဦးမည်။ ။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နေတိုးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် လာမည့်ရက်သတ္တပတ်တွင် လန်ဒန်မြို့သို့  ဆိုက်ရောက်လာပေမည်။ သမ္မတ ထရမ့်သည်လန်ဒန်တွင်ရှိနေစဉ်အတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံထက်မနည်းမှ ခေါင်းဆောင်များနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။ နေတိုးနှင့် နိုင်ငံတကာအသိုက် အဝန်းတို့အနေဖြင့် တရုတ်နှင့် ရုရှား နိုင်ငံတို့နှင့် အားပြိုင်မှုများရှိနေပေရာ လတ်တလောကြုံတွေ့နေရသည့် စိန်ခေါ်မှုများ နှင့်ပတ်သက်၍ သမ္မတထရမ့်က အလေးအနက် ပြောဆိုရန်ရှိကြောင်း အမေရိကန်အစိုးရ အထက်တန်းတာဝန်ရှိသူများက ပြောကြားကြသည်။

 

ကမ္ဘာ့နိုင်ငံများအပေါ် တရုတ်နိုင်ငံက ဩဇာချဲ့ထွင်နိုင်ရန် ကြိုးပမ်းနေပြီး 5G နည်းပညာအရ အမေရိကန် ထက်သာလွန်အောင် ကြိုးပမ်းနေသော ယင်းနိုင်ငံနှင့်ပတ်သက်၍ သတိထားရလိမ့်မည်ဟု အမေရိကန်က ဆိုသည်။

 

5G နည်းပညာသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား အားပြိုင်မှုတစ်ခု ဖြစ်လာသည်။ 5G နည်းပညာ အခြေခံအဆောက် အအုံအတွက် တရုတ်နိုင်ငံက အမေရိကန် ထက်ပင် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပြုလုပ် နေသည်ဆို၏။

 

5G နည်းပညာသည် ကမ္ဘာ့နိုင်ငံကြီးများအကြား ယှဉ်ပြိုင်စရာအကြောင်းခြင်းရာ တစ်ရပ်ဖြစ်လာရသည်မှာ မျိုးဆက်သစ် ဆက်သွယ်ရေးကွန်ရက်များသည် အနာဂတ်ကာလစစ်ဆင်ရေး လုပ်ငန်းများအတွက်  အသက် သွေးကြောသဖွယ် အရေးပါလာမည့် အခြေအနေရှိနေခြင်းကြောင့်ဖြစ်သည်။ အနာဂတ်စစ်ရေးနှင့် ဆိုက်ဘာ လုံခြုံရေးတို့ တွင် ယင်းနည်းပညာက အလှည့်အပြောင်း တစ်ရပ်ဖြစ်စေလိမ့်မည်။

 

နည်းပညာတော်လှန်ရေး

 

တရုတ်နိုင်ငံသည် 5G နည်းပညာ တော်လှန်ရေးကို ရှေ့တန်းမှ အသက်သွင်းလိုက်နိုင်ပြီဖြစ်သည်။ တရုတ်နိုင်ငံ တွင် 5G နည်းပညာအသီးအပွင့်များကို ပြည်သူများ စတင်ခံစားနိုင်ကြပြီဖြစ်သည်။ တရုတ်နိုင်ငံ သည် 5G နည်းပညာကွန်ရက်ကို မူလ သတ်မှတ်ထားသည့်အချိန်ထက်ပင် စော၍ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

 

နေတိုးထိပ်သီးဆွေးနွေးပွဲ အိမ်ရှင်နိုင်ငံ  ၏ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကမူ ဥရောပ  သမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်သည့်တိုင်အောင် ( ဥရောပတွင် အင်အားအကြီးဆုံးနိုင်ငံအဖြစ် ( ဆက်လက်ရပ်တည်သွားမည့် မျှော်မှန်းချက်ကို ဖော်ထုတ်ပြသရန်ရှိနေသည်။

 

နေတိုးအဖွဲ့ကြီးသည် ကမ္ဘာပေါ်တွင် အောင်မြင်မှုအရှိဆုံး စစ်မဟာမိတ်အဖွဲ့အဖြစ် ဝန်ကြီးချုပ် ဂျွန်ဆင်က ချီးကျူးထောမနာပြုသည်။ နေတိုးအဖွဲ့ကြီး အင်အားချည့်နဲ့လာနေ သည်ဟု သမ္မတထရမ့်က စွပ်စွဲပြောဆိုခဲ့သည့် တိုင်အောင် နေတိုးအဖွဲ့ကြီးဘက်မှ သူ ရပ်တည်သည်။

 

နေတိုးအဖွဲ့ကို ထပ်ပြန်တလဲလဲဝေဖန် စွပ်စွဲခြင်းများပြုလုပ်ခြင်းသည် မိမိတို့အဖွဲ့ အစည်း၏ရပ်တည်ချက်ကို ထိခိုက်စေသည်ဟု ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ယင်းအဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန် ယူခဲ့သူ အင်ဒရေကဖို့ရာမြူဆင်ကပြောကြားသည်။

 

အခွင့်အလမ်း

 

နေတိုးအဖွဲ့ကြီးအပေါ် အမေရိကန်က မည်သို့ပင်ဝေဖန်ခဲ့စေကာမူ ဒီဇင်ဘာလ  အစောပိုင်းတွင် လန်ဒန်၌ ကျင်းပမည့် နေတိုးခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲသည် သက်တမ်းနှစ်ပေါင်း (၇၀) ရှိခဲ့ပြီဖြစ်သော  အဖွဲ့ အစည်းကြီး အခိုင်အမာဆက်လက်ရပ်တည်နိုင်ရေးဘက်မှ ထောက်ခံပြောဆိုရန် ( ဥရောပခေါင်းဆောင်များ အနေဖြင့် အခွင့် အလမ်းတစ်ရပ် ရရှိပေလိမ့်မည်။

 

ကုန်သွယ်ရေး၊ ဆီးရီးယားနှင့် အီရန် ( အရေးတို့နှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံ များအတွင်း အကြိတ်အနယ် ဆွေးနွေးရလိမ့် မည်ဟုလည်း မျှော်လင့်ရပေသည်။ နေတိုး ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ဗြိတိန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရှိနေချိန်တွင် အရေးပါသော ထိပ်သီးဆွေးနွေး  ပွဲကြီးတစ်ရပ်ကိုကျင်းပရန်ရှိနေသည်။ လန်ဒန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတ ထရမ့် အနေဖြင့် မိမိတို့နိုင်ငံ၏ရွေးကောက်ပွဲနှင့် |ပတ်သက်၍ စွက်ဖက်ပြောဆိုခြင်းမပြုသင့်ကြောင်း ဝန်ကြီးချုပ် ဂျွန်ဆင်က တိုက်တွန်း ခဲ့သည်။ ရွေးကောက်ပွဲတွင် “တိုရီ” (ကွန်ဆာဗေးတစ်ပါတီ)တို့ အနိုင်ရရှိမည်ဆိုပါက ဇန်နဝါရီ ၃၁ ရက်ထက်နောက်မကျဘဲ ဥရောပ သမဂ္ဂမှ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကို အသေအချာ လုပ်ဆောင်မည်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုအက်ကြောင်းများ မည်သို့ပင် ရှိနေစေကာမူ ထိပ်သီး ဆွေးနွေးပွဲတွင် စစ်မဟာ မိတ်စာချုပ်အဖွဲ့ကြီး၏ အနာဂတ်မျှော်မှန်း ချက်သစ်များအတွက် ဆုံးဖြတ်ချက်များ ချမှတ် နိုင်လိမ့်မည်ဟု ဥရောပခေါင်းဆောင်များကမျှော်လင့်လျက်ရှိကြပုံကို ကျွန်ုပ်တွေးတော မိရင်း “နေတိုးအလှည့်အပြောင်း စိန်ခေါ်မှု အပေါင်းနှင့်အတူ”ဟု ကျူးရင့်မိပါ သတည်း။ ။