နေတန်ယာဟု နှုတ်မြွက်စကား သောင်းတိုင်ကကြား

ကိုရင်ဩ

 

လာမည့်ရွေးကောက်ပွဲတွင် မိမိပြန်လည် ရွေးချယ်တင်မြှောက်ခံရပါက အသိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေ အစိတ်အပိုင်း များကို အစ္စရေး၏ ပိုင်နက်နယ်မြေနှင့် ပေါင်းစပ်မည်ဟူ၍ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မကြာသေးမီက ထုတ်ပြန်ကြေညာ လိုက်ခြင်းကြောင့် ကမ္ဘာတစ်ဝန်း အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရပြီးလျှင် ပါလက်စတိုင်းအရေး ရှုမြော်တွေးကာ ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် ခလုတ်တံသင်းဖြစ်ရတော့မည်လောဟု တွေးဆပူပန်မှုများ ပေါ်ထွက်ခဲ့လေရာ အရှေ့အလယ်ပိုင်းအရေး၏ အနာဂတ်အရေးကို ကျွန်ုပ်လေ့လာစေ့ငုမိလေ၏။

အနောက်ဘက်ကမ်းဒေသ၏ နယ်မြေသုံးပုံအထိကို အစ္စရေးနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ အမြဲထာဝရ သွတ်သွင်းရန် ဝန်ကြီးချုပ် နေတန်ယာဟုက ဦးတည်ကြိုးပမ်းလာမည်ဆိုပါက ပါလက်စတိုင်းတို့ဘက်မှကြည့်လျှင် နိုင်ငံတော်ထူထောင်ရေး ဟူသော သူတို့၏ အန္တိမရည်မှန်းချက်ကြီး မှေးမှိန်သွားရမည့် သဘောသက်ရောက်သည်ဟု ဝေဖန်ချက်များ ပေါ်ထွက် လာသည်။

ငံ့လင့်နေ
“ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အခါအခွင့်ကို ငံ့လင့်နေပါတယ်” ဟု နေတန်ယာဟုက မကြာသေးမီက အစ္စရေး ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှတစ်ဆင့် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတသည် ကာလကြာရှည် သူအားပေးထောက်ခံလာခဲ့သော အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး အစီအစဉ်ကို မကြာမီ ထုတ်ပြန်ကြေညာဖွယ်ရှိသည်ဟုလည်း နေတန်ယာဟုက ပြောကြားသည်။

သို့ရာတွင် အမေရိကန်သမ္မတ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ပါလက်စတိုင်း နိုင်ငံတော်ထူထောင်ရေးကိစ္စ မပါဝင်ကြောင်း အမေရိကန် တာဝန်ရှိသူများက အရိပ်အမြွက် ပြောကြားခဲ့ကြသည်။ ရွေးကောက်ပွဲ ကတိကဝတ်ပြုမှုအဖြစ် အနောက်ဘက် ကမ်းဒေသ၏ နယ်မြေအချို့ကို အပြီးတိုင်သိမ်းယူရန် နေတန်ယာဟုက စက်တင်ဘာ ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အငြင်းပွားဖွယ်ရာ ယင်းကတိကဝတ်ပြုမှုမှာ အာရပ်ကမ္ဘာမှသည် ကမ္ဘာကြီးသို့တိုင်အောင် တုန်လှုပ်ခဲ့ရပြန်သည်။ ဂျော်ဒန် တောင်ကြားဒေသနှင့် ပင်လယ်သေဒေသ မြောက်ပိုင်းတို့တွင် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာ စိုးမိုးစေရမည်ဟု နေတန်ယာဟုက တယ်လ်အဗစ်မြို့ ဆင်ခြေဖုံး ရာမက်ဂန်းမြို့၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

သူရည်ညွှန်းသောနယ်မြေမှာ အနောက်ဘက်ကမ်းဒေသ၏ နယ်မြေသုံးပုံတစ်ပုံခန့်ကို ကိုယ်စားပြုသည်။ ဂျော်ဒန်တောင်ကြား ဒေသသည် ဂျော်ဒန်နယ်စပ်ဒေသတစ်လျှောက် တည်ရှိနေသော စိုက်ပျိုးရေးလုပ်ကိုင်ရန် ကောင်းမွန်သည့် နယ်မြေဖြစ်ကာ အနောက်ဘက် ကမ်းဒေသ၏ ၃၀ ရာ ခိုင်နှုန်းခန့် အကျုံးဝင်သည်။ လူဦးရေ ကျဲပါးသောနယ်မြေဖြစ်ပြီး ပါလက်စတိုင်း ၆၅၀ဝဝ ခန့်၊ ရဟူဒီ အခြေစိုက်နေထိုင်သူ ၁၁၀ဝဝ ခန့် နေထိုင်လျက်ရှိကြသည်။ လက်ယာယိမ်း ခေါင်းဆောင်ကြီး နေတန်ယာဟု၏ အထက်ဖော်ပြပါ နှုတ်မြွက်စကားမှာ အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေး၏ အချုပ်အခြာ အာဏာစက် တိုးချဲ့ရမည်ဆိုသော ယခုနှစ်အစောပိုင်းက သူပြောကြားခဲ့သည့်စကားကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။
အစ္စရေးနိုင်ငံ၌ ပြီးခဲ့သည့် ဧပြီလ ၉ ရက်က ပါလီမန်ရွေးကောက်ပွဲ ကျင်းပခြင်းမရှိမီ နေတန်ယာဟုက အစ္စရေးအာဏာစက် ချဲ့ထွင်ရေး အယူအဆကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ရန်ကနဦးစီစဉ်ထားသော ပါလီမန်ရွေးကောက်ပွဲကို စော၍ကျင်းပခဲ့ခြင်း ဖြစ်သည်။ “ကနက်ဆက်” ဟူ၍ အစ္စရေးနိုင်ငံတွင် ခေါ်တွင်သော ပါလီမန်၏ အမတ်နေရာ ၁၂၀ ကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ အာထရာအော်သိုဒေါ့ရဟူဒီများအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် သက်ဆိုင်နေသော အဂတိလိုက်စားမှုဆိုင်ရာ စွပ်စွဲချက်များ ပေါ်ထွက်ခဲ့ခြင်း စသည့် အကြောင်းတရားများကြောင့် ပါလီမန် ရွေးကောက်ပွဲကို စော၍ကျင်းပခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံတွင် အာထရာအော်သိုဒေါ့ရဟူဒီများမှာ သူတို့၏ဘာသာရေး ယုံကြည်ချက်အရ စစ်မှုမထမ်းမနေရ ဥပဒေမှ ကင်းလွတ်ခွင့် ရရှိခဲ့ကြသူများ ဖြစ်ခဲ့သည်။

ဧပြီလ ရွေးကောက်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရပြီး နေတန်ယာဟုမှာ ဝန်ကြီးချုပ်ရာ ထူးနေရာကို စတုတ္ထမြောက် သက်တမ်းအဖြစ် ဆက်လက်စိုးစံခွင့် ရရှိခဲ့သော်လည်း အာဏာရ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက်မူ လိုအပ်သော နိုင်ငံရေး ထောက်ခံမှုမရရှိခဲ့ချေ။ အကျိုးရလဒ်အဖြစ် ဝန်ကြီးချုပ် နေတန်ယာဟုသည် နောက်ထပ်ရွေးကောက်ပွဲ တစ်ပွဲကို ထပ်မံခေါ်ယူရန် အခြေအနေ ဖြစ်ပေါ်လာခဲ့သည် ပါလီမန်သစ်တွင် အမတ် နေရာ ၁၂၀ အတွက် ၆၅ နေရာကို လက်ယာယိမ်း အုပ်စုက ရရှိခဲ့ခြင်းဖြင့် ဝန်ကြီးချုပ် ရာထူးသက်တမ်းကို လေးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သူဖြစ်လာခဲ့သည်။

အညံ့ခံရာရောက်
သို့ရာတွင် လက်ယာယိမ်းအုပ်စုရရှိသော အမတ်နေရာ ၆၅ နေရာအနက်ငါးနေရာမှာ အဗစ်ဒိုးလီဘာမင်း၏ ပါတီကရရှိခြင်း ဖြစ်သည်။ လီဘာမင်းဆိုသူမှာ နေတန်ယာဟု၏ ယခင်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုတွင် မွေးဖွားခဲ့သော အစ္စရေးနိုင်ငံရေးသမား လီဘာမင်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ရာထူးမှ နုတ်ထွက်သွားခဲ့သူ ဖြစ်သည်။ ဂါဇာတွင် အပစ်အခတ်ရပ်စဲခြင်းကို ကန့်ကွက်သည့် အနေဖြင့် သူရာ ထူးမှနုတ်ထွက်ခဲ့ပြီး အပစ်အခတ် ရပ်စဲမှုပြုလုပ်ခြင်းသည် အကြမ်းဖက်သမားများကို အညံ့ခံရာ ရောက်စေသည်ဟု ဆိုသည်။

“အစ္စရေး အမိမြေ” အမည်ရှိ နိုင်ငံရေးပါတီ၏ ခေါင်းဆောင် လီဘာမင်းအား ယခင် ဆိုဗီယက်ပြည်ထောင်စုမှ ရွှေ့ပြောင်း အခြေစိုက် နေထိုင်လာခဲ့သော ရုရှားစကားပြောသူများက အဓိကထောက်ခံကြသည်။ လီဘာမင်းသည် ဘာသာရေး အခြေခံပါတီ များနှင့် ညွန့်ပေါင်းဖွဲ့ရန် ကန့်ကွက်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလအတွင်း နေတန်ယာဟု၏ ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်ရန်ငြင်းဆန်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ရုရှားစကားပြော ရွှေ့ပြောင်းအခြေစိုက်နေထိုင်သူ လူတစ်သန်းခန့် အစ္စရေးနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း၏ ရလဒ်အဖြစ်သူ၏ပါတီမှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် အခွင့်ကြုံလေတိုင်း ဩဇာတက္ကမ ကြီးမားသောပါတီ တစ်ပါတီအဖြစ် ဒေါင်းတည်မောင်းတည် ရပ်တည်နိုင်ခဲ့သည်။ အာထရာအော်သိုဒေါ့ ရဟူဒီလူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေမှကင်းလွတ်ခွင့် ပေးသင့်၊ မသင့် သဘောထားကွဲလွဲမှုများ ဆက်လက်ဖြစ်ပေါ် နေခဲ့ရာ ရွေးကောက်ပွဲကို သတ်မှတ်ထားချိန်ထက်စော၍ ခေါ်ယူရန် အခြေအနေဖြစ်ပေါ်လာခဲ့ပြီး လာမည့် စက်တင်ဘာ ၁၇ ရက်တွင် ပါလီမန်ရွေးကောက်ပွဲကို တစ်ကျော့ပြန် ကျင်းပရပေဦးမည်။

အမတ်များကိုယ်တိုင် မဲပေးဆုံးဖြတ်
အစ္စရေးနိုင်ငံ သမိုင်းတွင် မကြုံစဖူး ထူးထူးကဲကဲ အာဏာရ ညွန့်ပေါင်း အဖွဲ့တစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမရှိသည့် အခြေအနေဟု ဆိုကြသည်။ ပြီးခဲ့သည့်မေ ၃၀ ရက်တွင် ပါလီမန်ကိုဖျက်သိမ်းရန် အမတ်များကိုယ်တိုင် မဲပေး ဆုံးဖြတ်ခဲ့ကြပြီး ရွေးကောက်ပွဲ သစ်ကျင်းပရန် လမ်းဖွင့်ပေးခဲ့သည်။ ဝန်ကြီးချုပ်အဖြစ် “အပြာနှင့် အဖြူရောင်ပါတီ” (Blue and White Party)  ခေါင်းဆောင် ဘန်နီဂန့်ဇ်အား နေရာမပေးလိုသဖြင့် ရွေးကောက်ပွဲသစ် ကျင်းပရန် တာစူခဲ့ကြသည်။ အဆိုပါ ပါတီမှာ အစ္စရေးနိုင်ငံတွင် သဘောထား အလယ်အလတ် မူဝါဒကျင့်သုံးသည့် လစ်ဘရယ် နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေသည်။ ညွန့်ပေါင်းအစိုးရအဖွဲ့တစ်ရပ် မဖွဲ့စည်းနိုင်မီ ပါလီမန်ကိုဖျက်သိမ်းရန် အမတ်များကိုယ်တိုင် မဲပေးဆုံးဖြတ်ခဲ့ခြင်းသည် အစ္စရေး နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

ဧပြီလ ရွေးကောက်ပွဲအပြီး လီကွတ်ပါတီ၏ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိဝန်ကြီးချုပ်လည်းဖြစ်သူ နေတန်ယာဟုအတွက် ညွန့်ပေါင်းအဖွဲ့ဖွဲ့ရန် မေလ ၂၉ ရက်အထိ အချိန်ရရှိခဲ့သည်။ သမ္မတ ရီဗန်ရီဗလင်ကလည်း ရက်သတ္တ နှစ်ပတ်အထိ အချိန်တိုးပေးခဲ့သည်။ သို့ရာ တွင် သတ်မှတ်ချိန်အတွင်း ညွန့်ပေါင်းမဖွဲ့နိုင်သဖြင့် အခြေအနေမှာ တစ်မျိုးပြောင်းလဲ ခဲ့ရသည်။ စက်တင်ဘာ ၁၇ ရက် ရွေးကောက်ပွဲအကြို စစ်တမ်းများအရ လာမည့်ရွေးကောက်ပွဲတွင် နေတန်ယာဟု အောင်ပွဲ ခံနိုင်မည်မဟုတ်ဟု ဆိုသည်။ အကြောင်းမှာ နေတန်ယာဟုအား ယခင်က လှိုက်လှိုက်လှဲလှဲ အားပေး ထောက်ခံခဲ့ကြသော မဲဆန္ဒရှင်များကိုယ်တိုင် မဲမပေးဘဲနေခြင်း၊ လီကွတ်ပါတီနှင့် အပြာနှင့် အဖြူရောင် ပါတီတို့အကြား သူမသာ ကိုယ်မသာ အနေအထားတွင် ရောက်ရှိနေခြင်းစသည့် အကြောင်းတရားများကြောင့် ဖြစ်သည်။

သဘောထားကွဲလွဲ
နေတန်ယာဟုသည် အနောက်ဘက်ကမ်းဒေသရှိ ဂျော်ဒန်တောင်ကြားဒေသအား အစ္စရေး၏ ပိ်ုင်နက်နယ်မြေနှင့် ချိတ်ဆက်ရေး ကိစ္စတွင် ရှေ့နေချုပ် အဗီချိုင်းမန်ဒယ်လစ်နှင့် အကြီးအကျယ် သဘောထားကွဲလွဲလျက် ရှိသည်။ မန်ဒယ်လစ် သည် ၂၀ဝ၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အစ္စရေးကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ နေတန်ယာဟုသည် ရွေးကောက်ပွဲမကျင်းပမီမှာပင် ဂျော်ဒန်တောင်ကြား ဒေသကို အစ္စရေး၏ပိုင်နက် နယ်မြေနှင့် ချိတ်ဆက်ရန် ကြိုးပမ်းလိုသည်ဟု ဆိုခဲ့သည်။ သို့ရာတွင် လက်ရှိအိမ်စောင့် အစိုးရအဖွဲ့အနေဖြင့် ယင်းသို့လုပ်ဆောင်ရန် အခွင့်အာဏာ မရှိကြောင်း မန်ဒယ်လစ်က တုံ့ပြန်ခဲ့သည်။

ဂျော်ဒန်တောင်ကြားဒေသ နယ်မြေအပေါ် အချုပ်အခြာအာဏာ သက်ရောက်ကြောင်း ချက်ချင်းလက်ငင်းပင် မိမိကြေညာ နိုင်ရန် စီစဉ်ထားသည်ဟု နေတန်ယာဟုက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ရာ ရှေ့နေချုပ်၏ သတိပေးချက် ပြန်လည်ပေါ်ထွက်ခဲ့သည်။ ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ် ဖွဲ့စည်းပြီးမှသာ ယင်းသို့ လုပ်ဆောင်နိုင်ခွင့်ရှိသည် ဆို၏။ဝန်ကြီးချုပ် နေတန်ယာဟု၏ လတ်တလော ကြုံးဝါးနေမှုအပေါ် အဓိက စိတ်မသက်မသာဖြစ်ရသူများမှာ ယင်းဒေသ၌ နေထိုင်လျက်ရှိကြသော ပါလက်စတိုင်းတို့ ဖြစ်ကြသည်။

ဥပဒေမဲ့လုပ်ရပ်
ဂျော်ဒန်တောင်ကြားဒေသနှင့် ပင်လယ်သေ၏ မြောက်ဘက်ဧရိယာ များကို အစ္စရေး၏ပိုင်နက်အတွင်းသို့ သွတ်သွင်းရ မည်ဆိုသော နေတန်ယာဟု၏ ကြုံးဝါးထားချက်ကို အာရပ်နိုင်ငံများက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ အစ္စရေး ခေါင်းဆောင်၏ ကြေညာချက်ကို ဂျော်ဒန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့က အကြီးအကျယ် ပြစ်တင်ပြောဆိုခဲ့ကြသည်။ နေတန်ယာဟု၏ အာဏာစက်တိုးချဲ့ရေး အယူအဆသည် ဥပဒေမဲ့လုပ်ရပ်အဖြစ် ပါလက်စတိုင်းတို့က ဝေဖန်ခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အသစ်တစ်ဖန် ပြန်လည်ကျင်းပရေး အလားအလာ မှေးမှိန်ရလိမ့်မည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း သတိပေးခဲ့သည်။ 

နေတန်ယာဟု၏ အာဏာစက်တိုးချဲ့ရေး အဆိုပြုချက်သည် ငြိမ်းချမ်းရေး၏ အခါအခွင့် သင့်မှုမှန်သမျှကို ရိုက်ချိုးပစ်ရာ ရောက်ကြောင်း ပါလက်စတိုင်း ဆွေးနွေးရေးမှူးချုပ် ဆာအိအာရီကက်က ထုတ်ပြန်ကြေညာခဲ့သည်။ အနောက်ဘက် ကမ်းဒေသကို အစ္စရေး၏ပိုင်နက်အဖြစ် တိုးချဲ့သွတ်သွင်းရေး အစီအစဉ်ကို ရုရှားနိုင်ငံကလည်း ရှုတ်ချခဲ့သည်။ နေတန်ယာ ဟု၏ တူရူပြုချက်သည် ဒေသဆိုင်ရာတင်းမာမှုများကို မြင့်မားစေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

အစ္စရေးနိုင်ငံသည် ၁၉၆၇ ခုနှစ်မှစ၍ အနောက်ဘက်ကမ်းဒေသကို သိမ်းပိုက်ခဲ့သော်လည်း အာဏာစက် တိုးချဲ့ခြင်းကိုမူ မပြုခဲ့ချေ။ မိမိတို့နိုင်ငံ၏ လုံခြုံရေး အကြောင်းတရားများအရ ဂျော်ဒန်တောင်ကြားဒေသတွင် မိမိတို့၏ စစ်ရေးတည်ရှိမှုကို အမြဲထာဝရ ထိန်းသိမ်းထားသင့်သည်ဆိုသော အစ္စရေးနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံး အာဏာပိုင်စိုးသူ နေတန်ယာဟု၏ အိပ်မက် မည်သို့မည်ပုံ အကောင်အထည်ပေါ်လာနိုး ကျွန်ုပ်တို့ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပုံကို တွေးတောမိရင်း “နေတန်ယာဟု နှုတ်မြွက်စကား သောင်းတိုင်ကကြား”ဟု ကျူးရင့်မိပါသတည်း။   ။
Ref: Benjamin Netanyahu Vows to Annex Part of West Bank If He Wins Reelection (npr)