နွေဦးကာလ မြူထသောအခါ

မောင်မောင်ဖြူ

၂၃-၁-၂၀၂၃ ရက်မှအဆက်

“ဒီမှာ အရာကြီး၊ ဒီနောင်ကြီးကို ဗယာကြော် ဆယ်ပြားဖိုးပေးလိုက်ပါ။ ကျုပ်ဆီမှာ ပိုက်ဆံအကြွေ ပါပါတယ်” ဟု ပြောပြောဆိုဆို ထုတ်ပေးလိုက်သည်။

“ဟာ၊ နေပါစေဗျာ။ မဟုတ်တာ။ အိမ်မှာ ပိုက်ဆံမေ့ကျန်နေခဲ့လို့ပါ။ နေပါစေ၊ မစားပါရစေနဲ့”

တကယ်တော့လည်း လူရွယ်မှာ ပိုက်ဆံမရှိတော့ပါ။ ဆာကလည်း ဆာနေသည်။ သို့ရာတွင် ရှက်အားနာစိတ်ဖြင့် ဟန်လုပ်ကာ ငြင်းပယ်လိုက်သည်။

“မဟုတ်ပါဘူး နောင်ကြီးရဲ့၊ စားစမ်းပါ။ ကြုံကြိုက်လို့ တစ်ဦးနဲ့တစ်ဦး ဧည့်ဝတ်ပြုရတာ။ စားပါ၊ အားနာမနေပါနဲ့”

လွန်းနိုင်က အတင်းတိုက်တွန်း၍ ကျွေးမွေးနေသည်။

နောက်ဆုံးတော့မူ လူရွယ်မှာ လွန်းနိုင်နှင့် ကျော်ဇင် တို့၏ အတင်းဝယ်ကျွေးနေမှုကြောင့် အားနာနာဖြင့် စားလိုက်ရတော့၏။ တကယ်တော့ လူရွယ်မှာ ဟန်ပင်လုပ်နေရသော်လည်း သင်းပျံ့သော ဗယာကြော်နံ့နှင့် ဗယာကြော်ကို မြင်ရကတည်းက သွားရည်ကျလာခမန်း ဆာလောင်မွတ်သိပ်လာသည်။ ထို့ကြောင့်လည်း ဟန်လုပ်ကာ ငြင်းပယ်ရင်း တံတွေးကိုသာ မျိုချနေရသည်။ ယခုမှပင် အားရပါးရ စားရတော့၏။ သူတို့သည် နောက်ထပ်၍ တစ်မတ်ဖိုးစီ ပြည့်အောင်ပင် ဝယ်စားလိုက်ကြလေသည်။

“ဒါနဲ့၊ နောင်ကြီးနာမည်က ဘယ်လိုခေါ်ပါသလဲ ခင်ဗျာ” ဟု ကျော်ဇင်က စကားစလိုက်သည်။

“ဪ၊ ကျွန်တော့်နာမည်က အေးဆွေလို့ ခေါ်ပါတယ်။ နောင်ကြီးတို့ရဲ့ အမည်များကော ခင်ဗျာ”

“ကျွန်တော့်နာမည်က ကျော်ဇင်ပါ။ သူ့နာမည်က လွန်းနိုင်ပါ” 

“ခုလို တွေ့ကြုံသိရတာ ဝမ်းသာပါတယ်ဗျာ။ ဒါနဲ့ ကိုကျော်ဇင်တို့လည်း အလုပ်လာရှာနေတယ်နဲ့ တူပါရဲ့”

“ဟုတ်ပါတယ် ကိုအေးဆွေ၊ ကျွန်တော်တို့ လေးငါးခြောက်လလောက်ရှိပြီ။ ဘယ်နေရာမှကို အဆင်မပြေဘူး။ အခု ကိုအေးဆွေက ဘယ်ဌာနမှာ လုပ်ပါသလဲ”

ကိုကျော်ဇင်သည် ကိုအေးဆွေအား သိလိုသော အကြောင်းအရာကို လိမ္မာစွာဖြင့် မေးလိုက်သည်။ ကိုလွန်းနိုင်ကမူ ၎င်းတို့နှစ်ဦး ပြောစကားများကိုသာ နားထောင်နေသည်။

ကိုအေးဆွေသည် ကိုကျော်ဇင်နှင့် ကိုလွန်းနိုင် တို့၏ စောစောကပြောနေသော စကားများကို အကုန်အစင် ကြားသိနေရပြီဖြစ်ရာ၊ သူတို့လို အိုင်အေအဆင့်ရှိသူများပင် အလုပ်အတွက်သည်မျှထိ ခက်ခဲနေခဲ့ပါလျှင် မိမိလို မက်ထရစ်စာမေးပွဲ လောက်သာ အောင်သောသူအဖို့ ထည့်၍မစဉ်းစား ဝံ့လောက်အောင်ပင် ရင်မောလာမိသည်။ ကိုကျော် ဇင်၏အမေးအား ဖြေရမည်ကိုပင် နှုတ်တွန့်နေမိသည်။

“ဘယ်ဌာနမှ မလုပ်ရသေးပါဘူး။ ကျွန်တော်လည်း အလုပ်ရှာနေဆဲ လူတစ်ယောက်ပါ”

နောက်ဆုံးတွင် ကိုအေးဆွေသည် အမှန်အတိုင်း ဖြေဆိုလိုက်လေသည်။

“ဪ၊ ဟုတ်လား။ ဒါဖြင့် ကျွန်တော်တို့နဲ့ ဘဝတူပေါ့” ဟု ကိုကျော်ဇင်က ရယ်မောရင်း ပြောလိုက်သည်။

ကိုလွန်းနိုင်ကမူ မိမိတွေးထင်ချက် အမှန်သားဟု အောက်မေ့လိုက်ကာ ကိုအေးဆွေအား ပြုံး၍ကြည့်လိုက်ရင်း ခေါင်းဆတ်၍ ညိတ်လိုက်၏။ ထို့နောက် သူသည် ကိုအေးဆွေအား-

“ဒါနဲ့ နောင်ကြီးဇာတိက ဘယ်ကလဲ” ဟု မေးလိုက်၏။ 

“ကျွန်တော် ကျောက်ပန်းတောင်းကပါ”

ကိုအေးဆွေသည် ကိုလွန်းနိုင်ဘက်သို့လှည့်ကြည့်ရင်း ပြောလိုက်သည်။

“ရန်ကုန်ကိုရောက်နေတာကော ကြာနေပြီလား”

“ကြာပြီပေါ့ဗျာ။ ပြီးခဲ့တဲ့နှစ် မက်ထရစ်စာမေးပွဲတွေ အောင်စာရင်းထွက်စက ဆိုပါတော့ဗျာ။ အလုပ်ကိုလည်း တစ်ဖက်ကလုပ်ရင်း သက်ကြီးတက္ကသိုလ်ကိုလည်း တစ်ဖက်ကတက်ရင်းဆိုပြီး ရည်ရွယ်ချက်နဲ့ လာခဲ့တာပဲ။ ဒီရောက်တော့ ကိုယ် ထင်တာတွေနဲ့ မကိုက်ဘဲ လွဲနေတယ်ဗျာ။ ကျောင်းတက်ဖို့နေနေသာသာ အလုပ်တောင် ရှာမရသေးတော့ အားလုံးမျှော်မှန်းချက်တွေနဲ့ လွဲချော်နေတာပေါ့”

ကိုအေးဆွေက ညည်းညူစွာဖြင့် အကျိုးအကြောင်း ပြောပြလိုက်သည်။

ကိုလွန်းနိုင်တို့နှစ်ယောက်မှာလည်း သူတို့လို ရည်မှန်းချက်ဖြင့် မပြည့်ဝသေးသူ ကိုအေးဆွေအား ကိုယ်ချင်းစာနာသွားလျက် ကရုဏာသက်သွားမိသည်။

“ကိုလွန်းနိုင်တို့ရဲ့ ဇာတိကကော”

ကိုအေးဆွေကလည်း သိလိုသဖြင့် ပြန်မေးလိုက်သည်။

“ပုသိမ်နယ်ကပါ”

“နှစ်ယောက်စလုံးပဲလား” ဟု ကိုကျော်ဇင်ဘက် သို့ပါ လှည့်ကြည့်ရင်း မေးလိုက်၏။ ကိုကျော်ဇင်က ခေါင်းညိတ်ပြသည်။

“ဟုတ်ပါတယ်၊ နှစ်ယောက်စလုံး ပုသိမ်နယ်က ချည်းပါပဲ” 

ကိုလွန်းနိုင်က သွက်လက်စွာ ဆိုသည်။

“ပုသိမ်ဟာ ခရိုင်မြို့ကြီးပဲ။ အဲဒီမြို့မှာပဲ အလုပ်ရှာမရဘူးလား” ဟု ကိုအေးဆွေက မေးလိုက်ပြန်ရာ ကိုလွန်းနိုင်က -

“ခရိုင်မြို့ကြီးပေမဲ့ ကျွန်တော်တို့အတွက် အလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ နီးစပ်မှ အလုပ်ရတာကလား။ နောက်ပြီးတော့ ကျွန်တော်တို့ ရည်ရွယ်ချက်ကလည်း ကိုအေးဆွေရဲ့ ရည်ရွယ်ချက်လို ဒီဂရီရအောင် ဆက်တက်ရင်း အလုပ်လုပ်မယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ လာခဲ့တာပဲ။ ဒီရောက်တော့ ကျွန်တော်တို့မှာလည်း ကိုအေးဆွေလိုအဖြစ်မျိုးနဲ့ ကြုံနေရတာပဲ။ ခုထက်ထိ ဘယ်အလုပ်မှ မစွံသေးဘူး။ ရမယ်ရမယ်နဲ့ ဝေးသွားတာချည်းပဲ။ သူတို့ ခေါ်ယူကျင်းပတဲ့ အရည်အချင်းစစ် စာမေးပွဲတွေကိုလည်း ဝင်ပါရဲ့။ ခေတ်ပညာတတ်တွေက အဆ မတန်ပေါများနေတော့ အင်မတိ အင်မတန်တော်တဲ့လူတွေမှပဲ ကံကောင်းထောက်မနဲ့ ပါသွားတာပါ။ တချို့ဌာနများ အရည်အချင်းစစ်စာမေးပွဲ မကျင်းပခင်ကတည်းက ဘယ်သူ အလုပ်ရမယ်ဆိုတာ တစ်ပေးပြီးသားလို့တောင် ကြားနေရတယ်။ ဟုတ်သလား မဟုတ်ဘူးလားတော့ မပြောတတ်ဘူး”

ကိုကျော်ဇင်သည် လွတ်လပ်ရေးကျောက်တိုင်ကြီးဆီသို့ မျှော်ကြည့်ရင်း ငေးနေသည်။

ကိုအေးဆွေမှာမူ သည်လိုအကြောင်းတွေ ကြားရလေ သူ့အဖို့ ရင်လေးလာလေ ဖြစ်မိသည်။

“ဟုတ်ပါတယ် ကိုလွန်းနိုင်။ ကျွန်တော့်မှာလည်း ခင်ဗျားတို့လိုပါပဲ။ အလုပ်သမားရှာဖွေရေးမှတ်ပုံတင် ရုံးမှာလည်း မှတ်ပုံတင်ထားပြီး သူတို့ခေါ်ယူကျင်းပ စစ်ဆေးတဲ့ အင်တာဗျူးမှန်သမျှ သွားဖြေတာ ချည်းပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကို အိပ်မက်တောင် မက်ဟန်မတူပါဘူး။ ကျွန်တော်ကပဲ သိပ်ပြီး ညံ့ဖျင်းနေလို့လားတော့ မပြောတတ်ဘူး။ ဒါနဲ့ တခြားကုမ္ပဏီတို့ ဘာတို့မှာ ရလိုရငြားဆိုပြီး မနေ့က သတင်းစာထဲမှာတွေ့တာနဲ့ ဒီနေ့ သွားလျှောက်ပါတယ်။ အလုပ်ခန့်ပြီးပြီတဲ့ဗျာ”

ကိုအေးဆွေက စိတ်လက်ပျက်စွာဖြင့် မကျေမချမ်း ပြောဆိုနေသည်။ 

“ကျွန်တော်တို့လည်း ခင်ဗျားလိုပါပဲ။ အစိုးရ အလုပ်ရမှ လုပ်မယ်ရယ်လို့ မဟုတ်ပါဘူး။ ကိုယ်နဲ့ သင့်လျော်တဲ့ အလုပ်မှန်ရင် ဝင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာတာပါပဲ။ နောက်ဆုံးတော့ မရပါဘူးဗျာ။ နေ့စဉ်နေ့တိုင်း မောတာနဲ့ အချိန်ကုန် ပြန်ရတာချည်းပါပဲ”

ထိုစဉ် ကိုကျော်ဇင်သည် သူ့လက်မှ လက်ပတ် နာရီကို ကြည့်လိုက်ရာ မွန်းလွဲပိုင်း ၁ နာရီနှင့် ၄၅ မိနစ်ရှိနေပြီကို တွေ့လိုက်ရသဖြင့် ကိုလွန်းနိုင်အား လှည့်ကြည့်လိုက်ကာ -

“ကဲ လွန်းနိုင်၊ တို့ ဟိုတိုက်က ၂ နာရီမှာလာဖို့ ချိန်းလိုက်တယ်မဟုတ်လား” ဟု သတိပေးလိုက်၏။

သည်တော့မှ စကားလက်ဆုံ ကျနေသောကိုလွန်းနိုင်သည် သတိရလာဟန်ဖြင့် “အေးအေး၊ ဟုတ်သားပဲ” ဟု ကိုကျော်ဇင်ဘက် လှည့်ပြောလိုက်ရင်းက တစ်ဆက်တည်း ကိုအေးဆွေဘက်သို့ပါ ပြန်လှည့်လိုက်ကာ -

“ကိုင်း၊ ကိုအေးဆွေ။ ကျွန်တော်တို့ သွားဦးမယ် နော်”ဟု နှုတ်ဆက်လိုက်ပြီးလျှင် ကွပ်ပျစ်ခုံပေါ်မှ အောက်သို့ဆင်းလိုက်သည်။

“ဟုတ်ကဲ့ဗျာ၊ သည်နေရာကတော့ ကျွန်တော်တို့လို ခင်ဗျားတို့လို အလုပ်လက်မဲ့တွေရဲ့ ပြည်သူ့အပန်းဖြေစခန်းကြီးပေါ့။ ကျွန်တော်တော့ သည်နားရောက်လာရင် သည်မှာ အမြဲတမ်း အမောလာဖြေတာပဲ။ နောက်လည်း တွေ့ကြသေးတာပေါ့ဗျာ” ဟု ကိုအေးဆွေကလည်း နှစ်ယောက်လုံးအား ခေါင်းညိတ်ပြကာ ပြန်လည်နှုတ်ဆက်လေသည်။

ဤတွင်သွားရန် အဆင်သင့်ရပ်ပြီးဖြစ်နေသော ကိုကျော်ဇင် ကလည်း -
“ကိုအေးဆွေပြောတာ မှန်တယ်ဗျို့။ ကျွန်တော်တို့လည်း ဒီမှာပဲလာပြီး အနားဖြေနေကျပဲ။ ဒီနေ့မှ ခင်ဗျားနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့တယ်။ အေးလေ၊ ဒီလိုပေါ့။ အလုပ်မရခင်စပ်ကြားမှာ ခင်ဗျားလည်း အမြဲလာပေါ့။ ကျွန်တော်တို့လည်း အမြဲတမ်းလာမပေါ့။ တကယ်လို့ တစ်ယောက်ယောက် အလုပ်ရရင်လည်း အခြားတစ်ယောက်ကို အသိပေးပြီး အကူအညီပေးကြရအောင်၊ ရလည်း အတူတူ၊ မရလည်း အတူတူပေါ့နော်” ဟု ပြောပြော ဆိုဆိုနှင့်ပင် ထွက်ခွာသွားကြတော့သည်။

ကိုအေးဆွေသည် ဟိုက်ကုတ် တရားလွှတ်တော်ရုံး ကြီးဘက်ဆီသို့ ထွက်ခွာသွားကြသော ကိုလွန်းနိုင်တို့အား မျှော်ကြည့်နေမိသည်။ ၎င်းတို့ ပျောက်ကွယ် သွားလျှင် ဟိုက်ကုတ်ရုံးအဆောက်အအုံကြီး၏ ထိပ်ဖျားရှိ နာရီစင်ကြီးဆီသို့ အမှတ်မထင် လှမ်းမျှော်ကြည့်လိုက်မိသည်။

တောင်လေကလေးသည် ကိုအေးဆွေ၏မျက်နှာအား တဖြူးဖြူးနှင့် ပက်ဖျန်းလျက်ရှိသည်။ အေးမြသော လေပြည်လေညင်းကလေး၏ အတွေ့အထိကြောင့် ကိုအေးဆွေ၏ရင်သည် အေးမြ၍သွားသည်။

သို့တစေလည်း ကိုအေးဆွေ၏အာရုံမှာ မအေးမြရှာပါ။ ပူလျက်ရှိသည်။ ထိုကြောင့်လည်း တွေဝေစွာဖြင့် ကြည့်မိကြည့်ရာ စိုက်၍ကြည့်လိုက်မိသည်။ ဝိုးတဝါးဖြစ်နေသောအရာများသည် တဖြည်းဖြည်း ပေါ်လွင်လာသည်။ နာရီကြီး၏ မိနစ်လက်တံသည် မနားမနေသွားလျက်ရှိသည်။ တစ်မိနစ်ပြီး တစ်မိနစ်ဖြင့် ၂ နာရီထိုးရန် ၁၂ ဂဏန်းကွက်သို့ မိနစ်လက်တံသည် ရွေ့လျားလျက်ရှိ၏။
ဆက်လက်ဖော်ပြပါမည်။