နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၅-၁-၂၀၂၃ ရက်မှအဆက်


ထို့အတူ ကိုအေးဆွေ၏ဘဝသည်လည်း နာရီ လက်တံများကဲ့သို့ မရပ်မနား ရွေ့လျားလျက်ရှိ၏။ သို့ပါသော်လည်း  ကိုအေးဆွေ၏  ဦးတည်ချက် ပန်းတိုင်ကား မရောက်သေးပေ။ မည်မျှကြာသည် အထိ စောင့်ဆိုင်းရပါမည်နည်း။ စောစောက မိတ်ဆွေ ဖြစ်ကာ ထွက်ခွာသွားကြသော ကိုလွန်းနိုင်၊ ကိုကျော်ဇင် တို့၏ဘဝများမှာကား   မည်သို့ရှိလေသည်မသိ။ သူတို့၏   ဝတ်စားဟန်ပန်   အပြောအဆိုများကို ထောက်ချင့်ပါလျှင် မိမိထက် လူနေမှုအဆင့်မြင့်ကာ ချောင်ချောင်လည်လည်ထဲက ဖြစ်ဟန်တူပေသည်။
မိမိဘဝမှာကား သူတို့၏ဘဝများနှင့် လားလားမှ မတူချေ။ နောက်ပိုင်းတွင်မူ  မိမိ၏ ဖခင်ကြီးမှာ သန်သန်စွမ်းစွမ်း   မရှိပါဘဲလျက်နှင့်  တစ်အိမ် ထောင်လုံး၏ဝမ်းရေးကို  ထမ်းဆောင်နေရသည်။ မိခင်ကြီးမှာလည်း ဖခင်ကြီးနှင့်အတူ လက်ရည် တစ်ပြင်တည်း   မိမိတို့၏ဝမ်းရေးကို  တွဲဖက်ကာ ရှာကြံနေရသည်။    ကိုယ်ခွဲသားသမီး မရှိတော့၍ လည်း  အိမ့်ဗာဟီရကိစ္စမှန်သမျှမှာ မိခင်ကြီး၏ တာဝန်များသာ ဖြစ်နေတော့သည်။
ဤကဲ့သို့ အသက်အရွယ်ကြီးရင့်ပြီဖြစ်ကြသော မိခင်နှင့် ဖခင်ကြီးတို့အား   ပင်ပန်းဆင်းရဲလှသော ဘဝဆိုးမှ   လွတ်မြောက်ရန်မှာ  မိမိ၏တာဝန်သာ ဖြစ်သည်ဟု ကိုအေးဆွေက သိမြင်လာ၏။
ထို့ကြောင့်လည်း မျှော်လင့်ကြီးစွာဖြင့် မြို့တော် ရန်ကုန်သို့ အပြေးအလွှားလာကာ အလုပ်ရှာပါ၏။ သို့သော်   မိမိမှန်းဆချက်များမှာ  နှမ်းထွက်နှင့် မကိုက်ဘဲ ဖြစ်နေသည်မို့လည်း ရင်မောလှသည်။ ဤကဲ့သို့  ထင်တိုင်းမပေါက်ဖြစ်လာသောအခါ  မိဘ နှစ်ပါးအတွက် ရင်မှာ ဆို့လာခမန်း ကြေကွဲဝမ်းနည်း လာမိသည်။
ထိုအခါ ချည့်နဲ့စွာဖြင့် ထန်းပင်များကို တစ်ပင်ပြီး တစ်ပင် နှေးကွေးစွာ တက်ဆင်းနေသော ဖခင်ကြီး အားလည်းကောင်း၊  ချွေးတရွှဲရွှဲဖြင့် မောပန်းစွာ မြူအိုးများကို ကူသယ်ခေါက်သယ် သယ်ပို့နေသော မိခင်ကြီးအားလည်းကောင်း    တရေးရေးနှင့် မြင်ယောင်လာတော့သည်။

[ J ]
ကျောက်ပန်းတောင်းမြို့   တောင်ပိုင်းရှိ မြို့ကျက်သရေဆောင် “ကုန်းတော်ပေါ်စေတီ” ဘုရား ကုန်းပေါ်မှ အရှေ့ဘက်ဆီသို့ မျှော်ကြည့်လိုက်ပါမူ ညို့မှိုင်းနေသော ထန်းတောများကိုလည်းကောင်း၊ ထိုထန်းတောများကြားမှ မိတ္ထီလာသွား ကားလမ်းမ ကိုလည်းကောင်း၊ မြို့အရှေ့ဘက် အခြေမှကပ်လျက် ထိန်ပင်တွေ  ဝန်းရံနေသည့်  ထိန်ကန်ကြီးကို လည်းကောင်း၊  ၎င်းထိန်ကန်ကြီးနှင့် ယှဉ်လျက် “စေတီကြီးဘုရား” ကို လည်းကောင်း၊ တစ်ဖန် တောင် ဘက်သို့ လှမ်းမျှော်လိုက်ပါလျှင် စိမ်းလန်းစိုပြည် နေသည့် ခေါင်းနီတောင်တန်းနှင့် ၎င်း၏အနောက် ဘက်  ကုန်းမြင့်ထက်ရှိ  သပ္ပာယ်ကြည်ညိုစရာ ကောင်းလှသော ထုံးဖြူဖွေးဖွေးနှင့် “ရွှေတောင်ဦး စေတီ”၊ ရွှေရောင်တဝင်းဝင်းနှင့် “မြရွှေကူစေတီ” ထိုဘုရားစေတီတော်များရှိသော     ကုန်းမြင့်နှင့် ခေါင်းနီတောင်တို့၏ အလယ်ချိုင့်ဝှမ်းတွင်မူ အနီ ရောင်လွှမ်းနေသည့်  အုတ်ကန်ကြီးနှင့် ထိုဘေးရှိ ကျောက်ပန်းတောင်း    မီးရထားဘူတာရုံကလေး တို့ကို စိတ်ကြည်နူးဖွယ် တွေ့မြင်နေရသည်။
တစ်ဖန် အနောက်ဘက်သို့ မျက်နှာမူလိုက်သည်ရှိ သော် ခပ်ပျပျမြင်နေရသော ဂွေးချိုတောင်တန်းနှင့် ကျောက်ပန်းတောင်းမြို့ခြေထိ ကပ်လာသည့် စိမ်းလဲ့ ညို့မောင်းနေသော      အထပ်ထပ်ထန်းတောများ၊              ထိုထန်းတောများကြားမှ ချောက်၊ ရေနံချောင်းဘက် မှဝင်လာသည့် ကားလမ်းမကိုလည်းကောင်း၊ တံခါး အရှေ့မြောက်ဘက်သို့   လှမ်းမျှော်၍ကြည့်လိုက် ဦးမည်ဆိုပါလျှင် ရှုမျှော်သူတိုင်းအား ဘဝင်ကျ၍ အေးမြနိုင်စွမ်းရှိသော  စိမ်းလဲ့ပြာမှိုင်း  မြူတွေဆိုင်း နေသည့် ပုပ္ပားတောင်တော်သာကြီးနှင့် အံ့မခန်း ဆန်းကြယ်စွာတည်ရှိနေသည့် တောင်ကလပ်၊ မြို့ခြေ ထိအောင်  ထပ်လျက် ထပ်လျက် ပေါက်နေသော ထန်းတောများကိုလည်းကောင်း၊  ထိုထန်းတော များကြားမှ ပုပ္ပားတောင်ကြီးဆီသို့ တိုးဝင်ပျောက် ကွယ်သွားသော    မြင်းခြံသွား  ကားလမ်းမကို လည်းကောင်း မြင်နေရမည်ဖြစ်၏။
ထိုမှတစ်ဖန် အနောက်မြောက်ဘက်သို့ လည်ဆန့် လိုက်ပါမူ  ရှုမဆုံးနိုင်အောင်  မြိုင်ဆိုင်နေသော တစ်ပင်နှင့်တစ်ပင် အပင်ချင်းယှက်ကာ စိမ်းညို့ညို့ အသွင်ဆောင်နေကြသည့်   ထန်းတောများနှင့် ၎င်းကြားမှ ညောင်ဦးသွား ကားလမ်းမကိုလည်း ကောင်း တွေ့မြင်ရပေလိမ့်မည်။
ကျောက်ပန်းတောင်းမြို့မှ မြေနီ ပေ ၁၀၀ ကား လမ်းတစ်ခုသည်    ညောင်ဦးနှင့်  မြင်းခြံသွား ကားလမ်းမဆုံရာနှစ်ခုကြားမှ    ထိုစိမ်းညို့ညို့ ထန်းတောများ   အထပ်ထပ်ပေါက်လျက်ရှိသော အနောက်မြောက်ဘက်တွင် မြောက်ဘက်ယွန်းယွန်း ဆီသို့  တိုးဝင်သွားလေသည်။  တစ်မိုင်ကျော်ခန့် အရောက်တွင် ကားလမ်း၏ဝဲဘက် ထန်းတော များ၏အလယ်၌ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိ လက်ပံပင် ရွာကလေးကို သာယာစွာ တွေ့မြင်နေရလေသည်။
လက်ပံပင်ရွာလေး၏ တောင်ဘက် ထန်းတော ထဲမှာမူ အသက် ၁ဝ နှစ်၊ ၁၂ နှစ် အရွယ် ယောက်ျား ကလေးတစ်ဦးသည် ထန်းပင်များခြေရင်းရှိ မြူအိုး လေးများကို   တစ်ဖက်လျှင်  နှစ်လုံးစ၊ သုံးလုံးစ ထမ်းပိုးဖြင့် လျှိုထမ်းလျက် တစ်ခေါက်ပြီးတစ်ခေါက် အပြေးအလွှား သယ်နေလေသည်။ 
“မောင်အေးရေ၊ အဲဟိုဘက်က ထဖိုပင် သုံးပင်မှာ မယိုး (မြူအိုး) ချလိုက်ဦးဟေ့။ ဒီပင်ပြီးရင် အဲဒီ ဘက်ကို လှည့်ရမယ်”
ဝါးနှစ်ရိုက်လောက်အဝေးတွင် ထန်းပင်ပေါ်သို့ တစ်လှမ်းချင်းတက်နေသော ထန်းတက်သမားကြီး က အသက် ၁ဝ နှစ်၊ ၁၂ နှစ်အရွယ် ကိုအေးဆွေလေး အား လှမ်းအော်ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အဖေ” ဟု ကိုအေးဆွေက မြူအိုး များကို သယ်ယူသွားရန် အားယူနေရင်း ဟုတ်ကဲ့   သံပြန်လိုက်သည်။
ဤသို့ဖြင့်  ကိုအေးဆွေ၏ဘဝသည်   ငယ်စဉ် တောင်ကျေးကလေးဘဝကစပြီး   အရွယ်နှင့်မလိုက် နိုင်အောင်  အလုပ်များကို  လုပ်ရရှာကာ ပင်ပန်း ကျပ်တည်းလှစွာဖြင့် ဘဝကို ရင်ဆိုင်လာခဲ့ရသည်။ ကိုအေးဆွေ၏အဖေ ဦးဖိုးခသည် ထန်းတက်သမား ဖြစ်၏။ အဘိုးသည်လည်း ထန်းတက်သမား ဖြစ်ခဲ့ ၏။ ယင်းကဲ့သို့ ထန်းပင်များကို ကိုယ်တိုင်တက်နေရ စေကာမူ   ကိုယ်ပိုင်ထန်းများကား  မဟုတ်ချေ။ ထန်းပိုင်ရှင်  ဦးမြမောင်၊  ဒေါ်လှတင်တို့ထံမှ ထန်းလျက်ပေး သီးစားဘဝဖြင့် ထန်းလှည့်ဖက်ယူ၍ ထန်းကို တက်ခဲ့ရ၏။
အမှန်မှာမူ ဦးဖိုးခ တက်နေသော ထန်းတောသည် ကိုအေးဆွေတို့ အဘိုးလက်ထက်က ကိုယ်ပိုင်ထန်း တောဖြစ်ခဲ့၏။ သို့သော် ကိုအေးဆွေ၏ အဘွား သေဆုံးစဉ်က    ငွေကြေးကျပ်တည်းမှုကြောင့် ထန်းပိုင်ရှင်   ဒေါ်လှတင်၏မိဘများထံ  ထန်းကို အပေါင်ထားလျက် ငွေချေးငှားခဲ့ရ၏။ ကြာသော် ကျပ်တည်းလာမှုများကြောင့်   “ထပ်ကြေးငွေ” များကို ထပ်၍ထပ်၍ယူခြင်းဖြင့် “ပေါင်ကြေးငွေ” မှာ များလာကာ  မရွေးနိုင်တော့ဘဲ  ဆုံးပါးသွားရ တော့သည်။
ထိုအချိန်မှစ၍ ထန်းကို ထန်းစုပေး (သီးစား) ထန်းလှည့်ဖက်ဘဝဖြင့်ပင် ပြန်ယူရပြီး တက်လာ ခဲ့ရာ ထန်းပိုင်ရှင်အနေဖြင့် သမက် ဦးမြမောင်သမီး ဒေါ်လှတင်တို့က ဖြစ်ခဲ့သလို ထန်းတက်သမားဘဝ ဖြင့်လည်း  သား  ဦးဖိုးခ၊ ချွေးမ  ဒေါ်ဘုမတို့က ဆက်ခံလာခဲ့ကြလေသည်။
ဦးဖိုးခသည်  ရရှိလာသည့်  ထန်းလျက်များထဲမှ သုံးစုတစ်စုအဖြစ် (သုံးရက်တွင် တစ်ရက်ရသော) ထန်းလျက်များကို ထန်းပိုင်ရှင်အား (သီးစားခ အဖြစ်) ပေးရ၏။ ထန်းပိုင်ရှင်မှာ သုံးလှည့်တစ်လှည့် သာရသော်လည်း လူအားလည်းမစိုက်ရ၊ ငွေရင်း လည်း မစိုက်ထုတ်ရဘဲ စရိတ်ငြိမ်း အသားတင် သက်သက်ရရှိသောကြောင့်   ချောင်လည်စွာဖြင့် စားသောက်နေထိုင်နိုင်ခဲ့ရုံမက  ချမ်းသာကြွယ်ဝ ၍ပင်လာသည်။
အမှန်တော့လည်း ထန်းပိုင်ရှင် ဦးမြမောင်တို့မှာ မိဘများလက်ထက်ကတိုင် ငွေကြေးပေါများသူများ ဖြစ်သည့်အားလျော်စွာ ထန်းတောများကို အပေါင် ခံခြင်းဖြင့်လည်းကောင်း၊ ယာမြေများကို အပေါင်ခံ ခြင်းဖြင့်လည်းကောင်း၊ ရွှေပေါင် ငွေတိုးပေးခြင်းဖြင့် လည်းကောင်း တဖြည်းဖြည်း ချမ်းသာလာသည်။ ထန်းတောများစွာကို      ပိုင်ဆိုင်သူအဖြစ်သို့ ရောက်လာသည်။  ထို့အပြင်  ၎င်းတို့မှာ ကိုယ်ပိုင် ထန်းတောများမှရလာသည့်   ထန်းလျက်များကို လည်းကောင်း၊ ပိုလျှံသည့်ငွေကြေးဖြင့် ဝယ်ယူ သိုလှောင်ထားသော ထန်းလျက်များကို လည်းကောင်း  တက်ဈေးအထိ စောင့်ဆိုင်းသိုလှောင် ရောင်းချလေ့ ရှိလေသည်။  ထိုနောက်တော့  ဦးမြမောင်သည် တဖြည်းဖြည်းနှင့် စီးပွားရေးမျက်စိမြင်လာကာ ထန်းလျက်ကိုပါမက အခြားရာသီကုန်များဖြစ်သော ဆီ၊ မန်ကျည်း၊ မြေပဲ၊ နှမ်း စသည်တို့ကို ဝယ်ယူ သိုလှောင်ခြင်း၊ အခြားမြို့များသို့တင်ပို့ခြင်း စသည့် အရောင်းအဝယ် ကုန်သည်အလုပ်ကိုပါ တွဲဖက်၍ လုပ်ကိုင်လာလေသည်။ ထို့ကြောင့်လည်း ထန်းပိုင် ရှင် ဦးမြမောင်၊ ဒေါ်လှတင်တို့မှာ ပို၍ပို၍ ကြွယ်ဝ လာတော့သည်။
သည်ကဲ့သို့ တစ်ဖက်မှ ထန်းပိုင်ရှင် ဦးမြမောင်တို့ က တဖြည်းဖြည်း ချမ်းသာကြွယ်ဝလာသော်လည်း ထန်းတက်သမား ဦးဖိုးခ၊ ဒေါ်ဘုမတို့မှာမူကား တဖြည်းဖြည်းနှင့် ကျပ်တည်းလာသည်။ ထန်းလျက် ဈေးကောင်းသောနှစ်များဆိုလျှင်  တော်ပါသေး၏။ ထန်းလျက်ဈေးမကောင်းသောနှစ်များနှင့် ကြုံကြိုက် သွားပါလျှင်   မငတ်ရုံတမယ်သာ ကျန်တော့သည်။
ထန်းတက်သမားသည်  သုံးစုတွင်  နှစ်စုရခြင်း ကြောင့် မချမ်းသာပင် ရှိစေဦးတော့၊ ချောင်လည်စွာ စားသောက်နိုင်ဖို့ကောင်းပါ၏။ အမှန်မှာ ထန်းတက် သမားသည် ထန်းလှည့်နှစ်စုပင် ရငြားသော်လည်း ထန်းအတွက်  စရိတ်စကများ  ကုန်ကျရသည်။ ထင်းဖိုး၊ မြူအိုးဖိုး၊ ဒယ်အိုးဖိုး၊ ရင်းထောင် ရင်းဆွဲဖိုး စသည်တို့ ကုန်ကျရသည့်ပြင် ထန်းလျက်ကျိုချက် ရန်အတွက် ထင်း၏စရိတ်က ရလာသည့်ပစ္စည်းနှင့် မကာမိအောင် စရိတ်ကြီးလှသည်။
ထို့ကြောင့်လည်း ၎င်းတို့အရပ်ရှိ ထန်းသမား လူတန်းစားမှန်လျှင် ဦးဖိုးခတို့ကဲ့သို့ ဘဝကျပ်တည်း မှုဖြင့် အမြဲတစေ  ရင်ဆိုင်နေကြရသောသူများချည်း ပင်ဖြစ်သည်။ သို့ဖြစ်၍လည်း ၎င်းတို့မှာ ရာသီ ထန်းလျက်ပေါ်ချိန်အခါ  တစ်ပတ်နှင့်တစ်ပတ် အကြွေးငွေသည် ပြေလည်သည်ဟူ၍ မရှိတော့ဘဲ အမြဲ လုံးလည်လိုက်လျက်ရှိလေသည်။
ထိုသို့  အသက်ဦးဆံဖျား  ထန်းပင်ကိုတက်၊ ထန်းရည်ကိုချ၊ မီးပူခံ ထန်းရည်ကို ကျိုချက်ကာ ဘဝရပ်တည်မှုအတွက် နေ့စဉ်အမြဲ လုံးပန်းနေရ သော အမြဲတစေ ကျပ်တည်းဆင်းရဲလှသည့် ထန်းတက် သမားဘဝကို ဦးဖိုးခက ကောင်းကောင်းကြီး သဘော ပေါက်လာသည်။          

ဆက်လက်ဖော်ပြပါမည်။