နွေဦးကာလမြူထသောအခါ  

 

 

ကိုအေးဆွေနှင့် ခင်သန်းဌေးတို့ စကားလက်ဆုံကျနေသောအခါ ထွေးရီသည် အနားသို့ရောက်လာ၏။ သူသည်  တစ်ခါတစ်ရံ ခင်သန်းဌေးအား စူးစူးစိုက်စိုက် ကြည့်နေတတ်၏။ ခင်သန်းဌေး၏ ပြောဟန်  ဆိုဟန်လေးများကို  သဘောကျနေပုံ ပေါ်၏။ ယခုဆိုလျှင် ထွေးရီမှာလည်း ၁၂  နှစ်ကျော် ၁၃ နှစ်သမီးအရွယ်လောက်ရှိလာကာ  စတုတ္ထတန်း သို့ပင် ရောက်ရှိနေပေပြီ။

 

ခင်သန်းဌေးပြန်သွားလျှင်ပင် ထွေးရီက စကား စလိုက်၏။

 

“အရင်ကများ မမဌေးဟာ ကိုရင့်ကို အဖက်မတန် သလိုပဲနော်။ ခုတော့လည်း ရွှန်းရွှန်းကိုဝေနေတာပဲ။ သလိုဆိုတော့လည်း  မမဌေးက သဘောကောင်းသားနော်”

 

ထွေးရီသည်  ကိုအေးဆွေအား  ကိုရင်အဖြစ် ရှင်ပြု၊ သင်္ကန်းဝတ်ပြီးကတည်းက ကိုရင်ဟုခေါ်နေတော့သည်။ “ဒါကတော့ဟယ် တစ်ဦးနဲ့တစ်ဦး မကင်းရာ မကင်းကြောင်းပေါ့။  တစ်ချိန်တုန်းက ငါကသူ့ကို ခွေးကိုက်မယ့်ဘေးက  ကယ်ခဲ့ဖူးတယ်  မဟုတ်လား”

 

ထိုနေ့မှာ ကိုအေးဆွေတို့ ၉ တန်း စာမေးပွဲ နောက်ဆုံးဖြေရသောနေ့ ဖြစ်လေသည်။

တစ်ပတ်လုံး ဦးနှောက်ခြောက်လာရသည့် တိုင်အောင် စာမေးပွဲကို ဖြေဆိုလာရပြီးပြီဖြစ် သဖြင့် ကိုအေးဆွေသည် မောဟိုက်ပင်ပန်းစွာဖြင့် အိမ်သို့ ပြန်လာခဲ့လေသည်။ အိမ်သို့ ပြန်ရောက်သောအခါ မမျှော်လင့်သော အဖြစ်အပျက်တစ်ခုက ကိုအေးဆွေ၏ရင်ကို ဆီး၍ စုံကန်လိုက်လေသည်။

 

 

“ကိုရင် ကိုရင် ဘကြီးခလေ၊ ထန်းပင်ပေါ်က လိမ့်ကျလို့”

 

“ဟယ်”

 

ရုတ်တရက် ကြားလိုက်ရသည့် သတင်းဆိုးကြောင့် ကိုအေးဆွေ၏ပါးစပ်သည် အလိုလိုပင် ဟသွားကာ အာမေဍိတ်သံပင် ထွက်သွားတော့သည်။ ထို့နောက် တစ်ကိုယ်လုံးလည်း သွက်သွက်ခါအောင် တုန်လှုပ်ချောက်ချားသွားကာ မျက်လုံး မျက်ဆန် ပြူးပြူးပျာပျာဖြင့် ထွေးရီအားပင် အထိတ်တလန့် ကြည့်လိုက်မိသည်။ ရုတ်တရက် ဘာကိုမေးရမှန်းပင် မသိတော့ချေ။ ပြီးတော့မှသာ ချက်ချင်း သတိရလာပြီး ထွေးရီအား -

 

“ဘယ်၊ ဘယ်လို ဖြစ်သွားတာလဲ။ စိုးရိမ်ရသလား။ ဘယ်လိုနေသလဲ၊ ခု ဘယ်မှာလဲ” ဟု ကိုအေးဆွေက သူသိချင်သော အကြောင်းအရာများကို သိချင်ဇောဖြင့် တစ်ပြုံတစ်ခေါင်းကြီးပင် အလောသုံးဆယ် မေးပစ်လိုက်မိလေသည်။

 

“ထန်းပင် အလယ်လောက်က ကျသွားတာတဲ့။ ရင်းထောင်ကြိုးပြေပြီး ရင်းထောင် နောက်လန်ကျသွားရာက ဖြစ်တာလို့ ပြောတာပဲ”

 

“ဘယ်မှာ ခိုက်မိသွားသေးသလဲဟင်၊ မြန်မြန် ပြောစမ်းပါဟ” ဟု ကိုအေးဆွေက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။ သူ့စိတ်ထဲတွင် သေနိုင်လောက် အောင် ဒဏ်ရာများ ရသွားမည်ကို အလွန်ပင် စိုးရိမ် သွားသည်။

 

“ပေါင်ကို ခိုက်မိသွားတယ်လို့ ပြောတာပဲ ကိုရင်”

 

“အခု ဘယ်မှာလဲ”

 

“ဆေးရုံကို ယူသွားကြတယ်။ အရီးလေးနဲ့ အဖေတို့ ဆေးရုံကို သွားပို့ကြတာပဲ။ တခြားလူတွေလည်း ပါသွားကြတယ်”

 

ထွေးရီသည် ဤသို့ ပြောဆိုပြီးနောက် သူတို့တဲဘက်သို့ ပြန်ပြေးသွားတော့သည်။

 

“ဒဏ်ရာ မများပါစေနဲ့၊ တကယ်လို့များ ဒဏ်ရာများသွားလို့ အဖေများသေသွားရင်တော့ ...”

 

ကိုအေးဆွေသည် ရှေ့သို့ဆက်၍ မစဉ်းစားဝံ့ပါတော့ချေ။

 

 “ညည်းတို့ဟာက ငွေလိုချင်တာ အရင်ကို။ ဒါနဲ့နေပါဦး၊ ခုလို ကိုဖိုးခထန်းမတက်နိုင်ရင် ထန်းတွေကို ဘယ့်နှယ့်လုပ်မလဲ။ တို့အနေနဲ့ ထန်းတွေကိုတော့ အပျက်မခံနိုင်ဘူး။ တခြားလူကို ပြောင်းချရမလား။ အဲဒါပဲ၊ ညည်းတို့ ရှင်းရှင်းပြော”

 

ထန်းပိုင်ရှင် ဒေါ်လှတင်က ဒေါ်ဘုမအား ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

 

“တခြားတော့ ပြောင်းမချပါနဲ့ မမရယ်။ ကျွန်မတို့ လူငှားပြီး ထန်းကိုတက်ပေးပါ့မယ်” ဟု ဒေါ်ဘုမ ကလည်း ပျာပျာသလဲ တောင်းပန်လိုက်သည်။ ထိုနောက် ဆက်လက်ကာ “ကိုဖိုးခ ဆေးရုံတက် နေတုန်းမှာ သုံးဖို့စွဲဖို့အတွက် ငွေငါးဆယ်လောက်တော့ ချေးပါဦးမမရယ်” ဟု ဒေါ်ဘုမက တောင်းတောင်း ပန်ပန် ပြောဆိုနေပြန်သည်။

 

“ညည်းတို့ဟာက မများလွန်းဘူးလားအေ့။ တို့မှာ ငွေက ကောင်းကောင်းလည်တာမဟုတ်ဘူး”

 

“မမရယ်၊ သေရေးရှင်ရေးကိစ္စမို့ပါ။ ငါးဆယ် လောက်ရှိပါမှ သုံးလောက် စွဲလောက်မှာပါ မမရဲ့”

 

ထန်းပိုင်ရှင် ဒေါ်လှတင်၏ များလွန်းသည်၊ ငွေမလည်ဘူး စသောအကြောင်းပြချက်တို့ကြောင့် ဒေါ်ဘုမ၏ရင်ထဲတွင် နင့်ခနဲဖြစ်သွားသည်။ တကယ်တော့ သူတို့လို လူချမ်းသာများတွင် ယခုလို ငွေလေးငါးဆယ်မျိုးသည် မဖြစ်စလောက်သော ငွေစသာဖြစ်သည်ကို ဒေါ်ဘုမက ရင်တနင့်နင့်ဖြင့် တွေးလာမိသည်။

 

ဒေါ်လှတင်သည် ထိုင်နေရာမှ တခြားတစ်နေရာသို့ ထသွားသည်။ ဟိုဟာလုပ်သလို၊ သည်ဟာ လုပ်သလိုနှင့် ဒေါ်ဘုမအား အရေးမစိုက်ဘိသကဲ့သို့ နေလေသည်။ ဒါကိုကြည့်၍ ဒေါ်ဘုမခမျာမှာ အောင့်သက်သက်ဖြင့် ခံစားနေရသည်။

 

အတန်ငယ်ကြာလျှင် ဒေါ်လှတင်သည် စားပွဲအံဆွဲတစ်ခုထဲမှ စက္ကူအိတ်တစ်ခုကို ထုတ်လိုက်သည်။ ထို့နောက် သူက -

 

“သမီးရေ၊ လာစမ်းဟေ့” ဟု လှေကားပေါ်တွင် ရပ်နေသော ခင်သန်းဌေးအား လှမ်းခေါ်လိုက်သည်။

 

ခင်သန်းဌေးသည် အိမ်အပေါ်ထပ်မှ ဆင်းလာပြီးနောက် လှေကားအလယ်လောက်တွင် ရပ်နေမိ၏။ သူရပ်နေသည်မှာ ယခုမှမဟုတ်၊ စောစောကတိုင် ဖြစ်၏။ သူ ဤသို့ရပ်တန့်၍ နေခြင်းမှာလည်း အောက်ထပ်ရှိ ဧည့်ခန်းတွင် အမေဖြစ်သူ ဒေါ်လှတင်နှင့် ဒေါ်ဘုမတို့၏ ပြောစကားများကို ကြားနေရသဖြင့် စိတ်ဝင်စားသွားပြီးလျှင် ဆက်လက်မဆင်းသေးဘဲရပ်ကာ အသာနားထောင်နေမိ၏။ ထို့ကြောင့်လည်း ဒေါ်လှတင်နှင့် ဒေါ်ဘုမတို့၏ ပြောစကားများအရ ကိုအေးဆွေတို့၏အဖေ ဦးဖိုးခ တစ်ယောက် ထန်းပင်ပေါ်မှ လိမ့်ကျကြောင်း၊ ငွေလို၍ ငွေချေးငှားနေရကြောင်း စသည်တို့ကို သိနေရသည်။

 

ထို့ကြောင့်လည်း ခင်သန်းဌေးသည် လူလူချင်းထားအပ်သော ကြင်နာစိတ်ကလေးဝင်လာကာ ဦးဖိုးခအတွက် အနည်းငယ်တော့ စိုးရိမ်စိတ်ဝင်သွားသည်။ “သိပ်များ ဒဏ်ရာထိခိုက်မိလို့ အခြေအနေများ အတော်ဆိုးနေသလား” ဟု တွေးတောမိရင်း ခင်သန်းဌေးသည် လှေကားပေါ်မှ ဆင်းလာခဲ့သည်။

 

“ဟင်၊ လှလိုက်တာ မေမေ”

 

ခင်သန်းဌေးသည် ဒေါ်လှတင် ထုတ်ပြလိုက်သော ကျောက်စိမ်း လက်ပတ်ကြိုးကလေးကို လှမ်းယူလိုက်ရင်း အားရဝမ်းသာဖြင့် ပြောလိုက်သည်။ ထို့နောက် လက်တွင်ပတ်ကြည့်နေသည်။

 

“အဲဒါ စာမေးပွဲဖြေပြီးရင် လုပ်ပေးမယ်ဆိုတဲ့ မေမေ့ကတိအတိုင်း လုပ်ပေးတာပဲ”

 

သူတို့ သားအမိ၏ ကြည်နူးနေပုံအဖြစ်ကိုကြည့်ကာ ဒေါ်ဘုမခမျာ မချိတင်ကဲ ဖြစ်နေရှာသည်။

 

လူချမ်းသာတို့မည်သည် သူတို့ရဖို့၊ ဝတ်ဖို့၊ စားရ ဖို့လောက်သာ ကြည့်တတ်သည်။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသော စိတ်ထားမျိုးရှိတတ်သည်။ ဦးဖိုးခ၏ အခြေအနေမည်မျှအထိ ဆိုးရွားသည် ဆိုသည်ကိုပင် လုံးစေ့ပတ်စေ့ မေးမြန်းဖော်မရ။

 

“ထန်းတွေကိုတော့ အပျက်မခံနိုင်ဘူး။ ထန်းမတက်နိုင်လျှင် တခြားလူကို ပြောင်းချရမလား” ဟုသာ ပြောဆိုလျက် သူတို့ဖို့ တစ်ဖို့အတွက်သာ ကြည့်တတ်သည်။

 

ယခုတစ်ဖန် မိမိတို့ သေရေးရှင်ရေးဖြစ်သော ဦးဖိုးခတစ်ယောက် ဆေးရုံတက်ရင်း စရိတ်စက လိုသည်ကိုကား ချေးငှားနိုင်ပါလျက်နှင့် မချေးဘဲ ဈေးဆစ် ကတ်သတ်နေသည်။ သို့ရာတွင် သူတို့ သားသမီးများ အပိုတမ်းလှပဖို့၊ ကြွားဝါဂုဏ်ပြိုင်ဖို့၊ အပိုတမ်းသက်သက် သုံးဖြုန်းရန်အတွက်ကိုမူ သုံးလေးရာဖိုးမျှ အကုန်အကျ ခံနိုင်ပါပေသည်ဟု ဒေါ်ဘုမက နာကြည်းဆွေးမြည့်စွာဖြင့် စဉ်းစား ငေးမောနေမိသည်။

 

ရောက်နေသည်မှာ ကြာပြီဖြစ်၍ မိုးလည်း တဖြည်းဖြည်း ချုပ်လာလေပြီ။ အိမ်သို့လည်း ပြန်ချင်လှပြီ။ သို့တစေ ယခုထိ ချေးမည်၊ မချေးမည်ဟု မသိရသေး။ သူတို့အရိပ်အကဲကိုသာ ကြည့်နေရ၏။ ကြာသော် သူတို့အပြောကို မစောင့်နိုင်တော့ဘဲ ဒေါ်ဘုမက စတင်မေးမြန်းရတော့သည်။

 

“မမ လုပ်ပါဦး၊ ကျွန်မ ပြန်ချင်လှပြီ”

 

“ကဲ ကဲ ဒါဖြင့် ငွေတစ်ဆယ်ယူသွားပေါ့”

 

“နည်းပါတယ် မမရယ်၊ ငါးဆယ်ထိတော့ပေးပါ။ ခါတိုင်းလို ထန်းလျက်ပေးနဲ့ပဲ ချေးပါ”

 

ဒေါ်ဘုမသည် ဝမ်းနည်းဆို့နင့်စွာ ခံစားနေရသော အသံဖြင့် အောက်ချ၍ပြောရှာသည်။

 

“ပိုမပေးနိုင်ဘူး။ အဲဒါပဲ ယူချင်ရင်ယူ၊ မယူချင် ရင်နေ” ဟု ဒေါ်လှတင်က ပြတ်ပြတ်တောင်းတောင်း ပင် တင်းမာစွာဆိုလိုက်၏။

 

ဒါကိုကြည့်၍ ခင်သန်းဌေးက အခြေအနေများကို နားလည်လာသည်။

 

“ဟုတ်ပါတယ် မေမေရယ်၊ ငါးဆယ် ပြည့်အောင်တော့ ပေးလိုက်ရောပေါ့။ လူမမာအတွက် ထွေရာ ကိစ္စဆိုသလို ကုန်ကျမှာပေါ့”

 

“ညည်းက ဘာသိလို့လဲ၊ တို့မှာ ပိုက်ဆံမရှိဘူးအေ့”

 

ဒေါ်လှတင်က ခင်သန်းဌေးအား မျက်စောင်းထိုးကာ မာန်လိုက်သည်။

 

“ဒီလိုဆိုရင် တခြားကလှည့်ပြီး ပေးလိုက်ပေါ့ မေမေရဲ့”

 

“ညည်းက တယ်ပြီးစေတနာတွေပိုနေပါလား” ဟု ဒေါ်လှတင်က ငေါ့လိုက်သည်။

 

“ဒီလိုပါ မေမေ၊ တကယ်တော့ ဒေါ်ဘုမနဲ့ ဌေးတို့ ဟာ စီးပွားဖက်မဟုတ်လား။ တစ်ဦးဒုက္ခရောက်ရင် တစ်ဦးက ဒီလိုပဲကြည့်နေရတော့မှာလားမေမေ။ ခုလို သူတို့ဒုက္ခရောက်နေချိန်မှာ ဌေးတို့က ကူညီ စောင့်ရှောက် နိုင်ပါလျက်နဲ့ စောင့်ရှောက်ခြင်းမပြု ဘူးဆိုရင် စီးပွားဖက်တစ်ယောက်အနေနဲ့ ဝတ္တရားပျက်ကွက်သွားမှာပေါ့။ အမှန်အတိုင်းဆိုရင် ဌေးတို့ရဲ့ထန်းပင်တွေကိုတက်ရင်း ခုလိုဖြစ်သွားတာမို့ ဌေးတို့ကတောင် လုံးဝတာဝန် ယူရမယ့်ကိစ္စပဲ”

 

ခင်သန်းဌေးက သူကြားဖူးသမျှကို အရဲစွန့်၍ ပြောပြနေသည်။

 

ဒေါ်လှတင်သည် သမီးဖြစ်သူ ခင်သန်းဌေး၏ ကြီးကြီးကျယ်ကျယ်စကားကို ပထမတွင် ဂရုမစိုက် သလိုနားထောင်နေသော်လည်း နောက်ဆုံးစကားများကြောင့် တုန်လှုပ်သွားကာ ခင်သန်းဌေးဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်၏။

 

ဆက်လက်ဖော်ပြပါမည်။