နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၃-၅-၂၀၂၃ ရက်မှအဆက်

တစ်နေ့တွင် လှကြည်သည် တာဝန်တစ်ခုနှင့် ပြည်လမ်းဘက်သို့ထွက်ကာ ရဲဌာနအနီးရှိ အမှတ် ၉ လိုင်း ဘတ်စ်ကား မှတ်တိုင်သို့ ထွက်လာခဲ့၏။ ထိုစဉ် အမှတ် ၉ လိုင်း ဘတ်စ်ကားပေါ်မှ ဆင်းလာသော အမျိုးသမီးလေးဦးကို တွေ့ရ၏။

“ဒီတုန်းက ခင်သန်းဌေးဟာ ငါ့ကိုတွေ့တော့ အတော်ကို ဝမ်းသာနေတယ်ကွ။ ဒါနဲ့ သူက ကိုယ့်သူငယ်ချင်းတွေချင်း အေးအေးဆေးဆေး စကားပြောကြရအောင် တစ်နေ့လာတွေ့ပါဦး ဆိုတာနဲ့၊ သူနဲ့တွေ့ပြီးလို့ တစ်ပတ်လောက်အရှိမှာ ငါသူ့ကို သွားတွေ့တယ်လေ”

 “လာ လာ ကိုလှကြည်၊ လာမှလာပါ့ မလားလို့။ ဌေး စောင့်နေတာ”

အမျိုးသမီးများနေသည့် ကျောင်းဆောင်ဝန်းထဲသို့ လှကြည် ဝင်လိုက် သည်ဆိုလျှင်ပင် ခင်သန်းဌေးက ဆီးကြိုနှုတ်ဆက်လိုက်သည်။

“ချိန်းထားပြီး လာမှာပေါ့ဗျာ”

ထို့နောက် လှကြည်နှင့် ခင်သန်းဌေး တို့သည် လွတ်လပ်စွာ စကားပြောနိုင်ရန် ကျောင်းဆောင်ဝန်းတစ်နေရာရှိ ခရေပင်ကြီး တစ်ပင်အောက်တွင် ထိုင်ကာ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုကြရင်းက ကိုအေးဆွေအကြောင်းသို့ ရောက်လာသည်။

“ခက်တယ် ကိုလှကြည်၊ အခုလို ကိုလှကြည်တစ်ယောက် အလုပ်နဲ့အကိုင်နဲ့ နေသားတကျဖြစ်နေတာ တွေ့ရတော့ ကိုလှကြည်အတွက် ဝမ်းသာရသလို ကိုအေးဆွေအတွက် ဝမ်းနည်းရတယ်”

စောစောက ရယ်ကာမောကာဖြင့် ရွှင်ရွှင်ကြည်ကြည်လေး ဖြစ်နေသော ခင်သန်းဌေး၏မျက်နှာသည် ယခုတော့ နေထိသောပန်းလို ညှိုးနွမ်း၍သွားသည်။

“ဒါနဲ့ နေပါဦး ခင်သန်းဌေး၊ ခု အေးဆွေ ဘယ်မှာလဲ”

“ကျောက်ပန်းတောင်းမှာလေ”

“ဟင်၊ ဟိုမှာ ဘာလုပ်နေတယ်” 

“ထန်းတက်နေတယ်”

လှကြည်သည် အလွန်အံ့သြသွား၏။

“ဟာ ဟုတ်သေးပါဘူး၊ ဘယ့်နှယ် ဒီကောင်က”

“အဟုတ်ပါရှင်၊ တကယ့်ကို ထန်းတက်နေတာပါ”

လှကြည်မှာ ကြားရသည့်စကားများကြောင့် သာ၍ သာ၍ အံ့ဩသွား၏။

“ဟင် အရင်တုန်းကဖြင့် သူ ဒီရန်ကုန်ကို အလုပ်လုပ်ရင်း ဒီဂရီရအောင်ထိ ပညာဆက်သင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတာမဟုတ်လား။ အေးဗျာ၊ ကျွန်တော်လည်း ကျောက်ပန်းတောင်းကို ပြန်မရောက်တာ ကြာတော့လည်း ကိုယ့်သူငယ်ချင်းတွေအကြောင်း ဘာမှမသိတော့ဘူး”

သည်တော့မှ ခင်သန်းဌေးသည် ကိုအေးဆွေနှင့် ရန်ကုန်တွင် တွေ့ဆုံရပုံ ကအစ၊ ယခုလက်ရှိ စုပေါင်းထန်းလုပ် ငန်းလုပ်နေသည်အထိ ပြောပြလေသည်။

“ဒီလိုဆိုတော့ အေးဆွေဟာ ခေတ်နဲ့ အမီလိုက်နေတယ်လို့ ဆိုရမှာပေါ့”

“အဲဒီလိုပဲ ဆိုရမလား မသိဘူး ကိုလှကြည်။ ဒါပေမဲ့ သူ့ဘဝကတော့ တိုးတက်မှုမရှိဘူးလို့ ထင်တာပဲ။ သူကတော့ အခုလက်ရှိ ထန်းသမားတွေအတွက် စုပေါင်းလုပ်ငန်းကိုပဲ ဧရာမအလုပ်ကြီးလို့ထင်နေတာ။ သူ့အတွက် ဝင်ငွေတွေ ဘယ်လောက်ထိရသလဲတော့ မသိဘူး”

ခင်သန်းဌေးသည် ကိုအေးဆွေအား ကရုဏာဒေါသောဖြင့် အပြစ်ဆိုကာ ငေါ့လိုက်သည်။

“ဒါတော့ ဒီလိုရှိပါတယ်လေ။ ဒီကောင်ဟာ သူ့ယုံကြည်ချက်နဲ့သူလုပ်နေတယ်လို့ ထင်ပါတယ်။ အင်း ဒီကောင်ဟာ အတော်တော့အကြံကြီးတာပဲ။ နောက်ခါ တကယ် အောင်မြင်မယ် မအောင်မြင်မယ်တော့ မသိဘူး” 

“ဟုတ်တယ် ကိုလှကြည်၊ ကိုအေးဆွေ ဟာ ရည်ရွယ်ချက်တွေဟာဖြင့် အတော်ပဲ မြင့်မားပါတယ်။ ဒါပေမဲ့ သူရည်ရွယ်သလောက် မအောင်မြင်ခဲ့ဘူး။ ပထမ ရည်ရွယ်တုန်းကလည်း ကိုလှကြည် အသိ။ ရန်ကုန်လာ အလုပ်လုပ်၊ အလုပ်လုပ်ရင်း တစ်ဖက်က ပညာဆက်သင်။ ဒါဟာလည်း နောက်ဆုံးတော့ ရေစုန်မျော တာပဲမဟုတ်လား။ ခက်တာပဲ ကိုလှကြည်၊ ခုလည်းလုပ်နေပြန်ပြီ။ ခက်တယ် ကိုလှကြည်၊ ကိုလှကြည် သူငယ်ချင်းက အရိပ်လာမှာ နေပူကစောင့်ချင်တယ်ဆိုတဲ့ လူစားပဲ”

ခင်သန်းဌေးက အားမလိုအားမရဟန် ဖြင့် ညည်း၏။

“ဒါပေမဲ့ ကိုအေးဆွေဟာ တစ်ခုခုလုပ်မယ်လို့ကြံတိုင်း ဌေးကိုတော့ လာပြီး တိုင်ပင်ပါတယ်။ အကြံဉာဏ်လည်း တောင်းပါတယ်။ ဌေးကလည်း သူလာတိုင်ပင်တိုင်း အကျိုးအကြောင်းပြ ဖျက်ပစ်လိုက်တာချည်းပဲ။ နောက်ဆုံးတော့ ကိုလှကြည်ရယ်၊ သူထင်တာကိုတော့ ဇွတ်လုပ်သွားတာချည်းပဲ။ တကယ်တော့ ကိုအေးဆွေဟာ လူနေဟန်ပန် သေးသေးသွယ်သွယ်နဲ့ ပျော့ပျောင်းသလောက် စကားပြောသိမ်မွေ့သလောက် သိပ်ပြီးခေါင်းမာတာပဲ”

“ဟုတ်တယ် ဌေးဌေး၊ အေးဆွေဟာ ကျွန်တော်တို့လို မဟုတ်ဘူး။ တစ်ခုခုကို လုပ်မယ်ဟေ့လို့ ဆုံးဖြတ်ချက်ချပြီးရင် မဖြစ်ဖြစ်အောင် လုပ်တဲ့ကောင်ပဲ။ ဇွဲနပဲ အလွန်ကြီးတဲ့အကောင်”

“ဇွဲနပဲ မကြီးရဘူးလို့ မဆိုလိုပါဘူး ကိုလှကြည်၊ ဒီလိုဇွဲမျိုးရှိတဲ့ လူစားမျိုးကို ဌေးလည်း ချီးကျူးပါတယ်။ ဌေးဆိုလိုတာက အခြေအနေ အခွင့်အခါကို ကြည့်ပြီးတော့မှ ဇွဲရှိသင့်တယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် ကိုလှကြည်တောင် ကိုယ့်ဘဝနဲ့ အနီးစပ်ဆုံးအခြေအနေကို ရောက်အောင် ဖန်တီးနိုင်သေးရင် သူဟာလည်း ဖန်တီးနိုင်ရမှာပေါ့။ ခုတော့ ကိုလှကြည်ရယ် ကြည့်စမ်းပါဦးတော့၊ သူ့ဘဝဟာ အလှမ်းကျယ်သလောက် ဘာမှ ရေရေရာရာမရှိလှဘူး။ တကယ်တော့ ကိုအေးဆွေဟာ သူ့ဘဝကို ပေယျာလကန် ထားချင်ဦးတော့၊ သူ့မိဘ နှစ်ပါးကိုတော့ ငဲ့ဖို့ကောင်းတယ်။ ခုတော့ အေးလေ၊ သူ့အကြောင်းများ စဉ်းစားမိရင် ဌေးဖြင့် ရင်မောလွန်းလို့”

ခင်သန်းဌေးသည် ဆက်မပြောတော့။ သူသည် အဝေးသို့ ငေးကြည့်နေသည်။ သူ့ရင်တွင်း ခံစားမှုဝေဒနာများက သူ့မျက်နှာ၌ ပေါ်လွင်နေသည်။

“ အခု ကျွန်တော်လည်း ကျောက်ပန်းတောင်းပြောင်းဖို့ အမိန့်ကျနေပြီ။ ဟိုရောက်မှပဲ အေးဆွေနဲ့တွေ့ပြီး သူတို့ရဲ့အခြေအနေကို လေ့လာကြည့်ပါဦးမယ်။ တကယ်လို့ မဟန်လို့ရှိရင်လည်း တခြားအလုပ်တစ်ခုကိုလုပ်ဖို့ အတင်းတိုက်တွန်းရမှာပဲ”

 “အဲဒါပဲ အေးဆွေ၊ ခင်သန်းဌေးကတော့ မင်းအတွက် အတော်ကို ပူနေတယ်” 
လှကြည်၏ ပြောစကားများကြောင့် ကိုအေးဆွေ၏ရင်မှာ တလှိုက်လှိုက်နှင့် ဖို၍လာသည်။ ခင်သန်းဌေးက မိမိအပေါ် သည်မျှအထိ စေတနာ မေတ္တာများ ထားရှိသည်ကို သိရသဖြင့်လည်း တသိမ့်သိမ့်နေအောင် ကြည်နူးမိသည်။ သို့သော် ဤစေတနာသည် မည်သို့သောစေတနာများ ဖြစ်လေသနည်း။
“ဘယ်လိုလဲကွ အေးဆွေ၊ မင်းတို့ဟာ က”

ငေးငိုင်ငိုင်ဖြစ်နေသော ကိုအေးဆွေ အား လှကြည်က မေးလိုက်၏။ 
“ဒီလိုပါပဲ လှကြည်ရာ။ တို့ချင်း ဘာမှဖြစ်ရသေးတာ မဟုတ်ပါဘူး” 

“ဘာလဲကွ၊ မင်းတို့ဟာက ငါမေးလိုက်တိုင်း မဟုတ်ရပါဘူးလို့ ခုထိငြင်းတဲ့ အခါချည်းပဲ။ အင်း၊ ပါးစပ်ကသာငြင်းနေတာ၊ မင်းတို့အသည်းနှလုံးတွေက ဟုတ်ပါတယ်လို့ ဝန်ခံနေတာကော မင်းတို့သိရဲ့လား”

“ခက်တယ် သူငယ်ချင်း၊ ငါ ပြောရမှာ သိပ်ခက်တယ်။ ငါ ဒီအကြောင်းတွေ စဉ်းစားမိတိုင်း ရင်နင့်လွန်းလို့”

ကိုအေးဆွေက သက်ပြင်းကို ရှိုက်ချသည်။ သူသည် တာဝေးခရီးကို ပြေးလာရသူပမာ အသက်ကို မောပန်းကြီးစွာ ရှူနေသည်။ ဒါကိုမြင်ရသောအခါ လှကြည်ပါ အလိုလို ရင်ကျပ်လာသည်။ 

“ဘယ်လို အခြေအနေကြောင့်လဲ သူငယ်ချင်း၊ ငါ့ကိုလည်း ပြောစမ်းပါဦးကွာ။ မင်းဥစ္စာက ငါတောင်ရင်မောလာပြီ။ ဒီမှာအေးဆွေ၊ မင်းနဲ့ ငါနဲ့ ဆိုတာက ဖုံးကွယ်နေစရာလည်း မလို ပါဘူး။ တစ်ယောက်အတွင်းရေး တစ်ယောက် ဖွင့်တိုင်ပင်လာခဲ့ကြတဲ့ တကယ့်အရင်းနှီးဆုံး အချစ်ဆုံးသူငယ်ချင်းတွေပဲ မဟုတ်လား။ ဒီခင်သန်းဌေးရဲ့ ကိစ္စကျတော့ မင်းဟာ ငါ့ကို အမြဲတမ်း ဖုံးကွယ်နေတယ်။ ဘယ်တော့မှ အမှန်မပြောဘူး။ ဒါပေမဲ့ အေးဆွေရာ မင်းရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ မင်းဖွင့်မပြောပေမဲ့ ငါ ရိပ်မိပါတယ်ကွာ”

ကိုအေးဆွေသည် ပြတင်းမှ မြင်ရသော ပြာလဲ့လဲ့မိုးကောင်းကင်ဆီသို့ ငေးမျှော်ကြည့်နေ၏။

“တကယ်တော့ အေးဆွေ၊ မင်းတို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ပါလျက်နဲ့ ဟန်ဆောင် နေကြတယ်။ ခင်သန်းဌေးဆိုတာကတော့ မိန်းကလေးမို့ထားတော့။ တကယ်ဆိုရင် မင်းက ဒီကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ ရင်ဖွင့်ပစ်လိုက်ဖို့ကောင်းတယ်။ ဒီမှာ မင်းနားလည်ထားဖို့က မိန်းကလေး ဆိုတာမျိုးဟာ ဘယ်လောက်ပဲ ချစ်နေနေ၊ ဘယ်တော့မှ သူတို့က ဖွင့်ပြောရိုး ထုံးစံမရှိဘူး။ သူတို့သိက္ခာ၊ သူတို့တန်ဖိုးကို ထိန်းထားတယ်။ သိပ်ပြီးဣန္ဒြေ အဆောင်ကောင်းတယ်။ ဒါကို မင်းက နားလည်ထားရမယ်။ မင်းဟာ ဒီလို ဟာမျိုးဘက်ကျရင် လူရှော်ပဲကွာ။ တော်စမ်းပါ အေးဆွေရာ”

“လှကြည်၊ မင်းပြောသလိုခံဖို့ပဲ။ ငါတော့ဒီလိုကိစ္စမျိုးမှာ တစ်ခါမှလည်း အတွေ့အကြုံမရှိသေးဘူး၊ ရဲလည်း မရဲဘူး။ ကိုယ့်ကို မုန်းသွားမှာလည်း စိုးတယ်။ အေးကွ၊ မင်းပြောသလို ငါဟာလူရှော်ပါပဲ”

ကိုအေးဆွေသည် သူ့ခေါင်းမှ ဆံပင်များကို တဗျစ်ဗျစ်မြည်အောင် ကုတ်လိုက်ရင်းက ဝမ်းနည်းပန်းနည်းဖြင့် ညည်းညူလိုက်၏။

ကိုအေးဆွေသည် မိမိနှင့် ခင်သန်းဌေးတို့၏ ရင်းနှီးမှုတစ်လျှောက်လုံးကို ဆန်းစစ်ကြည့်မိသည်။ သူ၏အပြုအမူ လေးများမှာ ရိုးသားဖြူစင်သော ပြုမူ ချက်ကလေးများသာ အစဉ်တွေ့နေရသည်။ အမှန်မှာမူ ဤသည်က အကြောင်း ရင်းမဟုတ်ပေ။ ခင်သန်းဌေးနှင့် မိမိတို့၏ကြားတွင် မဟာတံတိုင်းကြီးပမာ ကြီးမားစွာ ဟန့်တားလျက်ရှိသည့် အဆင့်အတန်းချင်း ကွာခြားမှုကသာ အဓိကအကြောင်းရင်း ဖြစ်လေသည်။

ဆက်လက်ဖော်ပြပါမည်။