မောင်မောင်ဖြူ
၁၅-၂-၂၀၂၃ ရက်မှအဆက်
“ဒါတော့သူငယ်ချင်းရာ၊ အခြေအနေအရ ခုလို ခဏဖြစ်ရတာ အားလျှော့စရာတော့မရှိပါဘူး။ အခြေအနေတစ်ရပ်ဟာ ခုလို အမြဲတမ်းဖြစ်နေမှာမှ မဟုတ်ဘဲကွာ။ ပြီးတော့ သူငယ်ချင်းက ဉာဏ်ကောင်းတဲ့လူပါ။ ကိုယ့်ဟာကိုယ် အလွတ်လေ့လာ ဆည်းပူးပြီး မက်ထရစ် ဝင်ဖြေရင်တောင် အောင်နိုင်ပါတယ်ကွာ”
အေးပေါ့ကွာ၊ ဉာဏ်ကောင်းတယ်ရယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒီလိုပဲ ကိုယ့်ထက်သိတဲ့လူ၊ တတ်တဲ့ လူတွေဆီ မေးမြန်းလေ့လာနေရတာပဲ။ စနစ်တကျတော့ ဘယ်ရှိမလဲ”
ကိုအေးဆွေက ဝမ်းနည်းသံဖြင့် ပြောရှာသည်။
“ဒါတော့လည်း ဒါပေါ့ကွာ။ မင်းတတ်နိုင်ရင် မက်စ်နဲ့ အင်္ဂလိပ်ကို ဒီမှာလာပြီး ကျူရှင်လိုက်ပါလား သူငယ်ချင်း”
လှကြည်ကမူ သူ့သူငယ်ချင်းအား ဖြစ်စေချင်သည့်ဆန္ဒဖြင့် တိုက်တွန်းနေသည်။ ဤမျှအထိပင် လှကြည်က ကိုအေးဆွေ၏ဘဝကို မရိပ်မိရှာ။
“သူငယ်ချင်းရာ ဘယ့်နှယ်ပြောပါလိမ့်။ နေချင်တာပေါ့။ ဒါပေမဲ့ မတတ်နိုင်တဲ့အခြေအနေမျိုး မဟုတ်လား။ ဒီတော့ကွာ မင်းဆီက တစ်ခုတော့ ငါ အကူအညီတောင်းချင်တယ်”
ကိုအေးဆွေက လှကြည်၏မျက်နှာကို အကဲခတ်ရင်း ပြောလိုက်၏။
“ဘာကိုလဲ”
“ဪ၊ မင်းရဲ့ မှတ်စုသင်ခန်းစာတွေကိုပေါ့”
“ဒါများ ပြောနေရသေးသလား အေးဆွေရာ။ အချိန်မရွေးလာယူပေါ့ကွ။ အိမ်မှာပဲလာယူယူ၊ ကျောင်းမှာပဲလာယူယူ၊ မင်းလိုချင်တာယူနိုင်ပါ တယ်ကွာ။ ကဲပါ ဒါတွေဘေးချိတ်ထားစမ်းပါ။ ဒီကိစ္စက အကြောင်းမဟုတ်ပါဘူး။ မင်း မင်း ခင်သန်းဌေးလေ”
လှကြည်သည် သူ့စကားကို ဖြတ်လိုက်ကာ ကိုအေးဆွေအား အကဲခတ်သောအကြည့်မျိုးဖြင့် ကြည့်လိုက်ရင်း -
“အရင်နဲ့တော့မတူဘူးကွ။ ငါအကဲခတ်မိတယ်။ တစ်ခါတစ်ခါမှာ မှိုင်မှိုင်နေတယ်။ တကယ်တော့ ဒီအရွယ်မှာ ဘာအတွက် စိတ်ညစ်စရာရှိသလဲ။ လူချမ်းသာသမီးတစ်ယောက်ပဲ။ ဧကန္တ မဟုတ်မှလွဲရော၊ သူကတော့ မင်းကိုလွမ်းပြီး အပူမိနေ တယ်လို့ ထင်တာပဲ” ဟု ပြုံးဖြဲဖြဲနှင့် ကြည့်၍ ပြောလိုက်သည်။
“ဟာကွာ၊ မင်းကလဲ မဟုတ်တာ။ တို့က ရိုးရိုး ခင်တာပါ”
“ရိုးရိုးခင်တာလား ဘာလားတော့မသိဘူး ကိုရင်၊ ငါမြင်တာ ထင်တာကိုပြောတာပဲ။ ကိုရင်တို့အဖြစ် ကိုရင်တို့သိမှာပေါ့” ဟု ပြောရင်းဆိုရင်း လှကြည်သည် စာသင်နေကြသော အဆောင်ခန်းမကြီးထဲသို့ ပြန်ဝင်သွားလေသည်။
ထိုအခါ ကိုအေးဆွေ၏မျက်စိထဲဝယ် ခင်သန်းဌေးအား သင်္ချာပုစ္ဆာတစ်ခုခုကို တွက်ပြပေးရသည့် အခါတိုင်း “ရှင်းရဲ့လား”၊ “နားလည်ရဲ့လား၊ “သဘောပေါက်ရဲ့လား” ဟု ပြောလိုက်တိုင်း ကြည်လင်လှပ၍ ဝင်းဝါနေသော မျက်နှာလေးတွင် စင်းနေသော နှာတံ၊ ဝိုင်းစက်တောက်ပနေသော မျက်လုံး၊ ထူထဲသောမျက်ခုံးနှင့် ကော့ထောင်နေသော မျက်တောင်ကြီးတို့ဖြင့် မိမိအား မော့၍ကြည့် လိုက်ကာ ရှေ့ဘက်တွင်ကျနေသော ကျစ်ဆံမြီး နှစ်ချောင်းကို နောက်ဘက်သို့ လက်ဖြင့်မတင်လိုက်ရင်း သူ၏ခေါင်းလေးကို ညိတ်ပြလျက် “သဘောပေါက်သွားပါပြီ” ဟု ပြောလိုက်သော ခင်သန်းဌေး၏ အသံက နားထဲတွင် ကြားယောင်လာသလို သူ၏ ရုပ်သွင်ကလည်း ပေါ်လွင်လာတော့သည်။
သည်အခါ ကိုအေးဆွေ၏ရင်ထဲတွင် နွေးခနဲ ဖြစ်သွားကာ တလှိုက်လှိုက်ဖြစ်လာသည်။ စိတ်ထဲ တွင်လည်း ဆွေးသလိုလို ဝမ်းနည်းသလိုလို ခံစား လာရတော့သည်။
[ ၉ ]
“မောင်အေးဆွေ၊ လာပါဦးကွယ့်”
ကိုအေးဆွေသည် အလွတ်ပညာသင် ကျောင်းအုပ်ဆရာကြီး ဦးလှဒင်၏အိမ်သို့ တစ်ရက်ခြား ရေစည် လာပို့နေကျအတိုင်း လာပို့ပြီးလျှင် ပြန်၍လှည်း မောင်းထွက်တော့မည်အပြုတွင် ဦးလှဒင်၏ လှမ်းခေါ်လိုက်ချက်ကြောင့် လှည်းပေါ်မှ ပြန်ဆင်း လာခဲ့လေသည်။
“ဒီနေ့ ရေဘယ်နှစည်လောက်တိုက်ရပြီလဲ”
ဆရာကြီး ဦးလှဒင်၏ ရှေ့သို့ရောက်၍ ထိုင်လိုက်လျှင်ပင် ဦးလှဒင်က မေးလိုက်၏။
“သုံးစည်ရှိသွားပါပြီ ဆရာကြီး”
“တော်ပြီလား၊ နောက်ထပ် တိုက်ရဦးမလား”
“နောက်ထပ် တစ်အိမ်ကိုတစ်စည်ပို့ပြီး တော်ပြီ ဆရာ၊ နေလည်းမြင့်လှပြီ”
ကိုအေးဆွေက သူ့နဖူးတွင် အနည်းငယ်စို့နေသော ချွေးပေါက်ကလေးများကို လက်ဖြင့် သပ်ယူ ချလိုက်ရင်း ပြောလိုက်သည်။
“ဒါနဲ့ နေပါဦးကွယ့်၊ တစ်နေ့မှာ ရေဘယ်နှစည်လောက်တိုက်ရသလဲ”
“ဒါကတော့ အမှန်မရှိပါဘူး ဆရာ။ မနက်ပိုင်းတွင် တိုက်ရင် လေးစည်ငါးစည်ပဲဆိုပါတော့။ ညနေပိုင်းရော တစ်ခေါက်ပြန်လာပြီးတိုက်ရင် တစ်နေ့မှာ ခြောက်စည် ခုနစ်စည်လောက် တိုက်ရတယ်။ ဒါပေမဲ့ မနက်ပိုင်းပဲတိုက်ပါတယ်ဆရာ။ ဘာကြောင့်လဲဆိုတော့ ရွာနဲ့ ဒီကိုလာရတာက ဝေးတော့ လူကတော့ ကိစ္စမရှိပါဘူး။ နွားက ဆင်းရဲလှပါတယ်။ ပြီးတော့ တခြားယာတို့ ဘာတို့ကလည်း မိုးဦးကျမို့ နွားရှင်က နည်းနည်းပါးပါး ထွန်သေးတယ် ဆရာ”
“ဒါဖြင့် မင်းက လှည်းဦးစီးပေါ့”
“ဟုတ်ပါတယ် ဆရာ”
“ဒီလိုဆိုရင် တစ်နေ့မှာ ဝင်ငွေဘယ်လောက်ရှိ သလဲ”
“ဆရာလည်း သိတဲ့အတိုင်းပဲ။ မိုးတွင်းရောက် လာပြီဆိုတော့ ရေက ပေါလာပြီမဟုတ်လား။ ကြားပေါက်ယူတဲ့လူကိုသာ တစ်စည်ငါးမူးနဲ့ ရောင်းရပြီး အမြဲတမ်းရေယူနေတဲ့ အိမ်တွေကျတော့ တစ်ကျပ်ဖိုး သုံးစည်ပေးရတယ်။ ဒီတော့ တစ်နေ့ရဲ့ ပျမ်းမျှဝင်ငွေဟာ တစ်ကျပ်ခွဲ နှစ်ကျပ်ပေါ့။ ဒါကို လှည်းနွားရှင်နဲ့ တစ်ဝက်စီခွဲယူရတော့ ကိုယ့်တွက် တစ်နေ့မှာ သုံးမတ် တစ်ကျပ်တော့ ဝင်ငွေရှိတယ်လို့ ဆိုပါတော့၊ ဒါနဲ့ဆရာ၊ မကြာခင် ရေဘုံပိုင်တွေ ဘာတွေတောင် မြို့ထဲထိအောင် တပ်ဆင်ပေးတော့မယ်လို့ ကြားနေပါလား”
အများက အိမ်တိုင်ရာရောက် ရေရောက်လာမည်ကို ဝမ်းသာနေကြမည်ဖြစ်သော်လည်း ကိုအေးဆွေ ကမူ သူ့ဘဝအခြေအနေအရ သူ့အတွက် အနည်းနှင့်အများဆိုသလို ရေဝယ်မည့်သူ နည်းပါးသွားမည်ကို အနည်းငယ်စိုးရိမ်သွားသလိုဖြင့် ဆရာကြီးဦးလှဒင်အား မေးလိုက်၏။
“ကြားတော့ ကြားတာပဲကွာ။ ရုတ်တရက်တော့ မဖြစ်သေးဘူးနဲ့တူပါတယ်”
ထို့နောက်တော့ ဆရာကြီး ဦးလှဒင်သည် ရေဘုံပိုင်များ မြို့ထဲတွင်တပ်ဆင်လိုက်လျှင် ရေဝယ်အား နည်းသွားမည်ကို စိုးရိမ်ပူပန်နေရှာသော ကိုအေးဆွေ၏ ဟန်ပန်ကို ကြည့်၍လည်းကောင်း၊ ကိုအေးဆွေ၏ တစ်စိတ်တစ်ဒေသသော ဘဝအခြေအနေကို ကြားသိရသောအခါတွင် လည်းကောင်း ပညာသင်ချင်ပါလျက်နှင့် မသင်နိုင်ရှာအားဘဲ မိမိအိမ်ထောင်စု၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီရှာကြံပေးနေသော ကိုအေးဆွေ၏ဘဝအား သနားကြင်နာလာသည်။ မသန်စွမ်းသည့် ဖခင်ကြီးအား ညှာတာထောက်ထားသော စိတ်ထားမျိုးရှိသည့် သားလိမ္မာတစ်ဦးအဖြစ်လည်း ဆရာကြီး ဦးလှဒင်က မြင်လာသည်။
နောက်ပြီး မောင်လှကြည်၏ ပြောပြချက်အရ မောင်အေးဆွေသည် ဉာဏ်ကောင်းလှသည်ဟု ဆိုသည်။ သည်လိုဉာဏ်ကောင်း၍ ထက်မြက်သော ရုပ်လက္ခဏာမျိုးရှိသည့် သည်လိုလူငယ်တစ်ယောက်အား မိမိတတ်နိုင်သည့်ဘက်က မြေတောင်မြှောက်ပေးရလျှင် တိုင်းပြည်အတွက် နောင်တစ်ချိန်တွင် အကျိုးရှိနိုင်သလို သူ့မိသားစု အိမ်ထောင်စု အတွက်လည်း ကြီးပွားနိုင်ပေမည်ဟု ဆရာကြီး ဦးလှဒင်က စဉ်းစားလာမိသည်။
“ကဲ ကဲ မောင်အေးဆွေ၊ မင်းဘဝအခြေအနေ အားလုံးကိုတော့ မနေ့က မောင်လှကြည်ပြောပြ သွားလို့ အားလုံးသိပြီးပါပြီကွာ။ ဒီတော့ မင်းအလွန် လိုလားတောင့်တနေတဲ့ ပညာရေးအတွက် ဆရာ့တာဝန်ထားပါ။ မင်းအားလပ်တဲ့အချိန်ပိုင်းမှာ ဆရာ့ဆီလာပြီးတော့ သင်လှည့်ပေါ့။ ဘာသာစုံပဲ သင်သင်၊ လိုချင်တဲ့ဘာသာကိုပဲ ရွေးသင်သင်၊ သင်ချင်တဲ့ ဘာသာကို အချိန်မရွေး လာသင်နိုင်ပါတယ်။ အဲဒါ မောင်အေးဆွေကို ဆရာမြင်မြင်ချင်း ခင်မင်လွန်းလို့ စေတနာအလျောက် သင်ပေးတာနော်၊ ကြားလား။ ပိုက်ဆံ တစ်ပြားမှပေးစရာမလိုဘူး”
ကိုအေးဆွေသည် ဆရာကြီး ဦးလှဒင်ထံမှ မမျှော် လင့်သောစကားများကို ဒီကဲ့သို့ ရုတ်တရက် ကြားသိလိုက်ရသောအခါတွင်မူ အံ့အားသင့် ဝမ်းသာလိုက်သည်မှာ ပြောစရာပင် မရှိတော့ပေ။ ဝမ်းသာမှု၏ ခံစားချက်ကိုလည်း မည်ကဲ့သို့ အကောင်အထည်ဖော်ရမှန်းပင် မသိနိုင်အောင် ဖြစ်သွားလျက် မျက်ရည်များပင် ဝဲလာရှာတော့သည်။ ထို့ကြောင့်လည်း သူ၏နှုတ်ခမ်းကလေးများသည် သူ့ရင်တွင်း၏ လှုပ်ရှားနေမှုကြောင့် တဆတ်ဆတ် တုန်နေရှာတော့သည်။
“ဝမ်းသာလိုက်တာဆရာ”
ကိုအေးဆွေသည် ကလိုင်ထနေသောအသံကြီးဖြင့် ဒါပဲပြောနိုင်တော့ကာ ဆရာကြီးဦးလှဒင်အား ထိုင်၍ကန်တော့နေခြင်းဖြင့်သာ သူ၏ ဝမ်းသာနေမှုကို ပြနေတော့သည်။
ထိုအချိန်မှစ၍ ကိုအေးဆွေသည် ဆရာကြီး ဦးလှဒင်၏ အလွတ်ပညာသင်ကျောင်းသို့ ညပိုင်း တွင် သွားရောက် ကျောင်းတက်လေသည်။
ဆရာကြီး ဦးလှဒင်၏ စေတနာ၊ မေတ္တာများကိုသိလာရသောအခါ ကိုအေးဆွေကလည်း ပြန်လည် တုံ့ပြန်သောအားဖြင့် ရေအတွက် လုံးဝတာဝန်ယူကာ ကန်တော့လေသည်။ ဆရာကတော်က ထုတ်ပေးသည့် ရေဖိုးများကိုလည်း မည်သည့်အခါမျှ မယူတော့ချေ။
ဤသို့ ကိုအေးဆွေ၏ အလိုက်သိတတ်မှုကို ဆရာကြီး ဦးလှဒင်က သိသောအခါ လက်မခံဘဲ ဇွတ်ပင် အယူခိုင်းလေသည်။ သို့ပေမင့်လည်း ကိုအေးဆွေက မယူပါချေ။
ထိုအခါ ဆရာကြီး ဦးလှဒင်သည် ချို့တဲ့သော်လည်း ကျေးဇူးသိတတ်သော ကိုအေးဆွေ၏ ဘဝကို ပို၍ကြင်နာလာသည်။ ထို့ကြောင့်လည်း စားအိမ်သောက်အိမ်အဖြစ် ဖန်တီးစေကာ အတင်းကျွေးမွေးလေသည်။ ဒါတွင်မက ကျောင်းသင်ခန်းစာနှင့် ဆိုင်သော စာအုပ်စာတမ်းများနှင့် မင်ကိုပါ လိုလေသေး မရှိအောင် အတင်းထုတ်ပေးလေသည်။
ဤလိုဖြင့် ကိုအေးဆွေသည် ဆရာကြီးဦးလှဒင်၏ အရင်းကျဆုံးသော တပည့်တစ်ဦး ဖြစ်သွားကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့လေသည်။
ဆက်လက်ဖော်ပြပါမည်။