နွေဦးကာလမြူထသောအခါ

 

 

 မောင်မောင်ဖြူ

 

၂၄-၂-၂၀၂၃ ရက်မှအဆက်

 

ထွေးရီသည် ကိုအေးဆွေအား မျက်လုံးလေးများပြူးကြည့်ပြီး နှုတ်ခမ်းကိုလည်း ထော်နေအောင် လှန်လိုက်ရင်းက ခပ်ဆောင့်ဆောင့် အမူအရာလေးဖြင့် ပြောပြောဆိုဆိုပင် ထွက်သွားတော့သည်။

 

ဤသို့ဖြင့် ကိုအေးဆွေသည် ရန်ကုန်သို့သွားရန် ရက်မတိုင်မီအတွင်း ထွေးရီနှင့်တွေ့တိုင်း အခြား ကိစ္စများအကြောင်းကို ပြောသော်လည်း အပေါက်အလမ်း မတည့်တော့ချေ။ ပြောလိုက်တိုင်း ခွသာ ပြန်၍ ပြောနေတော့၏။ သူ၏မျက်နှာမှာလည်း ခါတိုင်းကဲ့သို့ ရယ်မောခြင်း မရှိလှတော့။ သူ့မျက်နှာ အား ကြည့်လိုက်တိုင်း မသာမယာ ဖြစ်နေသည် ကိုသာ တွေ့ရတော့၏။ ယခင်က နေ့စဉ်နေ့တိုင်း ပေါက်ကရသီချင်းများ ဆိုနေသံကို ကြားရသော် လည်း ယခုတော့ မကြားရ။ သည်လိုဖြင့် ရန်ကုန်သို့ သွားမည့်ရက်သို့ ရောက်ခဲ့လေသည်။

 

ရန်ကုန်သို့အလာ ကျောက်ပန်းတောင်းမီးရထား ဘူတာရုံသို့ အမေနှင့် အဖေတို့အပြင် ဆွေမျိုးနီးစပ် များက လိုက်ပို့ကြသည်။ ထွေးရီလည်း လိုက်ပို့သည့် အထဲတွင် ပါလာသည်။

 

မီးရထား ထွက်ခါနီးတွင် ကိုအေးဆွေသည် ညှိုးငယ်နေသည့် မျက်နှာလေးဖြင့် မသာမယာ မကြည်မလင် ဖြစ်နေသော ထွေးရီနားသို့ကပ်ကာ -

 

“ထွေးရီကိုတော့ အစ်ကို နောက်ဆုံးမှာချင်တယ်ကွယ်။ အမေတို့ အဖေတို့ကိုတော့ ဂရုစိုက်ပါနော်။ နင် တတ်နိုင်သလောက်ပေါ့ဟယ် ဟု အနူးညံ့ဆုံး၊ အသိမ်မွေ့ဆုံးစကားဖြင့် ပြောလိုက်၏။

 

ထိုအခါ ထွေးရီသည် ကိုအေးဆွေကိုသာ မျက်လုံးလေး အငေးသားဖြင့် ပြုံးမဲ့မဲ့လေး ကြည့်နေရင်းက သူ့ခေါင်းလေးကို အသာညိတ်ပြရှာသည်။ နှုတ်ကမူ ဘာမျှမပြောချေ။ သို့တစေ တစ်ခဏတွင်ပင် သူ၏ မျက်လုံးများမှ မျက်ရည်စများသည်ကား ဝဲ၍လာကာ တပေါက်ပေါက် ကျစီးလာတော့သည်။

 

ဤသည်များကို ကိုအေးဆွေက တရေးရေး ပြန်၍ မြင်ယောင်လာသည်။

 

ဒါတွင်မကသေး။ ထွေးရီက မိမိအပေါ် မကြာခဏ နွဲ့ဆိုး ဆိုးတတ်ပုံလေးများ၊ အမြင်မတော်တာ တွေ့၍ မာန်မဲဆူပူလိုက်သည့်အခါ စိတ်ကောက်သွားတတ်ပုံလေးများပါ သတိရ အောက်မေ့လာ တော့သည်။

 

သို့သော် ယခုတော့မူ လူကြီးလေးပမာ အလိုက်သိတတ်စွာဖြင့် အမေ၊ အဖေတို့အား ကူညီပေးဖော် ရနေသည့်အတွက် ကိုအေးဆွေမှာ ထွေးရီအား လှိုက်လှဲစွာ ကျေးဇူးတင်လာမိပြန်၏။ “နောင်အခါ အလုပ်ရလို့ အမေတို့ထံ ငွေလေး ဘာလေးများ ပေးပို့ရင်တော့ သူ့အတွက်လည်း လက်ဆောင် ပစ္စည်းလေးများ ထည့်ပို့ရမှာပဲ ဟု ကိုအေးဆွေက တွေးတောဆုံးဖြတ်မိရင်း စာကို ဆက်ဖတ်ပြန်သည်။

 

အပွက်နဲ့ အတီထန်းကလည်း ဒီနှစ်မကောင်းဘူးကွယ့်။ အတီထန်းကလည်း သိပ်မထွက်ဘူးကွယ့်။ ထွက်တဲ့အပင်တွေကို လှီးပြန်တော့လည်း မိုးနှောင်း ခေါင်ခဲ့တာကြောင့် သိပ်ပြီး အရည်မအောင်ဘူး။ ထဖိုထန်းတွေကိုလည်း အခုတော့ဖြင့် ပြင်စပြုနေပါပြီ။

 

မင်းအမေကိုလည်း ဆရာနဲ့ခေါ်ပြီး ဆေးကောင်း ကောင်းနဲ့ ကုပါတယ်ကွယ်။ မင်းအမေအတွက် ဘာမှ မစိုးရိမ်ပါနဲ့။ ငါ့သားသာ ဖြောင့်ဖြောင့် အလုပ်ရှာပါ။ တို့အတွက် ဘာမှမပူပါနဲ့။

 

ဒါနဲ့ ပြောရဦးမယ်။ မင်းအမေ နေမကောင်းစက ဆရာခေါ်ဖို့ ငွေလိုတာနဲ့ ကျောက်ပန်းတောင်း ဒေါ်လှတင်တို့ဆီမှာတောင် ငွေသွားလှည့်မလို့ စိတ်ကူးသေးတယ်။ တကယ်လို့ ရရင်အကောင်း သား။ မရတော့ စိတ်မကောင်း ဒေါသဖြစ်ရုံပဲ မဟုတ်လား။ တခြားကပဲ ဖြစ်သလို ရှာကြံပြီး ဆေးဆရာကို ပင့်ခေါ်ကုရတာပေါ့။

 

ဒီနေရာမှာ မိဘများက တို့အပေါ် ညှာတာမှု မရှိပေမဲ့ သူတို့သမီး ခင်သန်းဌေးလေးကျတော့ အတော်သားကလားကွ။ ပြီးခဲ့တဲ့နှစ် သင်္ကြန်ပြီးစ အဖေ နေမကောင်းတုန်းကပေါ့၊ ခင်သန်းဌေးလေတို့ကို ငွေ ၁ဝဝ လာပေးတယ်။ ငါစားဖို့ ဓာတ်စာကိုလည်း ထန်းလှည့်လိုက်လာရင်း ယူလာတယ်။ ငွေပေးတာကို မင်းတော့ မသိပါစေနဲ့တဲ့။ မင်းရန်ကုန်ကို သွားမယ်လုပ်တုန်းက မင်းလာနှုတ်ဆက်တော့ သူက ငွေ ၁ဝဝ ကို လမ်းစရိတ်ဆိုပြီး ပေးတာ မင်းက မယူဘူးတဲ့။ အဲဒါ မင်းမယူလို့ တို့ကို ဆေးဖိုးဆိုပြီး ကန်တော့သတဲ့။ ဘယ်လောက်လိမ္မာ သလဲကွယ်။ ခုတော့ ပြီးခဲ့တဲ့ ဟိုနှစ်ကတိုင် ခင်သန်းဌေးဟာ တက္ကသိုလ်ကျောင်းဆိုလား၊ အဲဒီ မင်းတို့ ရန်ကုန်မြို့တော်ကြီးမှာ သွားနေတယ်လို့ ကြားရတယ်။ ဒီမှာ မရှိဘူးကွယ့်။ ကျောင်းပိတ်တဲ့ အခါမှသာ ပြန်လာတယ်ဆိုတဲ့အကြောင်း သိရတယ်။ တကယ်လို့ သူရှိနေတုန်းနဲ့ ကြုံကြိုက်ရင် အခုမင်းတို့အမေ နေမကောင်းတာကို အနည်းအကျဉ်း အထောက်အကူတော့ရမှာ မုချပဲ။

 

ကိုအေးဆွေသည် ခင်သန်းဌေး၏အကြောင်းကို စာထဲတွင် ဖတ်ရပြန်တော့လည်း မိမိတို့ အိမ်ထောင်စု အပေါ်တွင် ထားရှိသော ခင်သန်းဌေး၏ စေတနာ၊ မေတ္တာများကို လေးစားရပြန်သည်။

 

ခင်သန်းဌေးမှာ ငွေကြေးတတ်နိုင်သော မိဘများ၏ သားသမီးမို့ တက္ကသိုလ်ပညာကို ဆက်၍သင်နိုင်ခဲ့သည်။ ယခုဆိုလျှင် ဥပစာ အထက်တန်းသို့ပင် ရောက်၍နေချေပြီ။ ကိုအေးဆွေ ရန်ကုန်ရောက်၍ မကြာမီပင် ဗိုလ်ချုပ်ဈေးရှေ့၌ ခင်သန်းဌေးနှင့် အမှတ်မထင်တွေ့ရာမှ သူ၏ဖိတ်ခေါ်ချက်အရ သူ့ကျောင်းသို့ မကြာခဏ ရောက်ခဲ့သည်။ သူသည်ဤ ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်၍ ဘာတစ်ခွန်းမျှပင် မဟခဲ့ပေ။ သူတို့သင်ရသည့် သင်တန်းမှ ဘာသာရပ်များအကြောင်း၊ သူတို့ကျောင်း အကြောင်းနှင့် မိမိအလုပ်အကိုင်များ အကြောင်း ကိုသာ အဓိကထား၍ ပြောဆိုဆွေးနွေးလေ့ရှိခဲ့သည်။

 

သည်ကဲ့သို့ ကိုယ်ပြုဖူးသည့် ကျေးဇူးတစ်ရပ်ကို ထုတ်ဖော်၍ ဂုဏ်လုပ်မပြောတတ်သော ခင်သန်းဌေး၏ စိတ်ရင်းစိတ်ထားကို သိရပြန်တော့လည်း ကိုအေးဆွေမှာ ခင်သန်းဌေးအား ချီးကျူးရပြန်သည်။ သူ၏မိဘများနှင့်ကား ကွာခြားလှချေသည်။ သူ့မိဘများသည် လူချမ်းသာ လူကုံထံ ထန်းပိုင်ရှင်များပီပီ မိမိတို့အား ထန်းလျက်အပေးအယူ ကိစ္စမှတစ်ပါး တခြားအချိန်များ၌ ဂရုတစိုက် ဆေးဖော်ကြောဖက် မလုပ်ခဲ့ပေ။ ခင်သန်းဌေးကမူ သူ့မိဘများနှင့် လားလားမျှမတူ။ မိမိမရှိပေမင့်လည်း အဖေတို့အား အရေးတယူ ပေးကမ်းကူညီဖော်ရသည်ဟု သိရပြန်တော့လည်း ကိုအေးဆွေမှာ ဝမ်းသာပီတိဖြစ်၍ မဆုံး ဖြစ်နေသည်။

 

ရန်ကုန်သို့မလာမီ တစ်ချိန်က ကိုအေးဆွေသည် ခင်သန်းဌေးထံသို့ သွားကာ နှုတ်ဆက်ခဲ့ဖူးလေသည်။ မိမိ၏ အနာဂတ်ဘဝအတွက် ရည်ရွယ်ချက်များ ကိုလည်း ပြောပြခဲ့ဖူး၏။

 

“ကိုအေးဆွေရယ်၊ ကိုအေးဆွေရဲ့ ဒီလိုကြီးမားတဲ့ ရည်ရွယ်ချက်တွေကို ဌေး ဒီလိုကြားရတော့ အင်မတန်ပဲ ဝမ်းသာပါတယ်။ ကိုအေးဆွေရဲ့ ဘဝတိုးတက်လိုတဲ့၊ ပြင်းပြတဲ့စိတ်ဆန္ဒကို ချီးကျူးပါတယ်။ ဒါပေမဲ့ ကိုအေးဆွေ၊ ကိုအေးဆွေကို အထင်သေးလို့၊ စော်ကားတယ်လို့တော့ မထင်လိုက်ပါနဲ့။ အလှမ်းကျယ်လို့ အလယ်လပ်နေပါဦးမယ်။ ဌေး အကြံပေးချင်တာက ဌေးတို့အတန်းက ကိုကံညွန့်ရှိတယ် မဟုတ်လား။ သူ့လို အစိုးရစရိတ်နဲ့ သွားရတဲ့ အလယ်တန်းပြ ဆရာဖြစ်သင်တန်းကို လျှောက်ပါလား။ အဲဒါဆိုရင် ဆူလွယ်နပ်လွယ်နဲ့ မလွဲတမ်း ဖြစ်နိုင်တဲ့ကိစ္စပဲ။ ဒီကမှတစ်ဆင့်တက်ပြီး ကျောင်းဆရာလုပ်နေရင်း ပရိုက်ဗိတ်အနေနဲ့ အင်တာဝင်ဖြေ။ နောက်အစိုးရစရိတ်နဲ့ပဲ ဘီအေ (အီးဒီ) သင်တန်း ဆက်တက်ရအောင် ကြိုးစား။ နောက်ဆုံး အထက်တန်းကျောင်းအုပ်ကြီး ဖြစ်နိုင်အောင်ထိ ဘီအီးဒီသင်တန်းပါ ဆက်တက်နိုင်အောင်ဆက် ကြိုးစားယူသွားပေါ့။ ဟုတ်ဖူးလား ကိုအေးဆွေ။ ဌေးပြောတာ ဘယ်လိုသဘောရသလဲဟင်

 

“ဌေးဌေးရဲ့ အကြံပေးချက်ကို အများကြီး ကျေးဇူးတင်ပါတယ်။ ဒါကလည်း မလွယ်ပါဘူး ဌေး။ ဒီသင်တန်းတက်ရဖို့ဆိုတာက အဆက်ကောင်း၊ အကပ်ကောင်းရှိမှ လွယ်တာပါ။ ကဲ ဒါတွေ ထားပါတော့လေ၊ ကျွန်တော်က ကျွန်တော့်ရည်ရွယ် ချက်နဲ့မို့ပါ

 

တကယ်တော့လည်း ကိုအေးဆွေသည် ကျောင်း ဆရာအလုပ်ကို လုပ်ကိုင်ဖို့ ဝါသနာ မပါလှပေ။ အမှန်မှာ ကျောင်းဆရာအလုပ်သည် ကလေးသူငယ်များ၏ အသိဉာဏ်ကို ဖွင့်ပေးရသော၊ စိတ်စေတနာ မွန်မြတ်သန့်ရှင်းလှသည့် အလုပ်ဖြစ်သည်ကား မှန်ပါ၏။ သို့သော် ကိုအေးဆွေ၏ အဓိကရည်ရွယ်ချက်မှာ သည့်ထက်မက လူအများရော မိမိပါတကယ်တမ်း ကြီးပွားတိုးတက်နိုင်မည့် အလုပ်မျိုးကိုသာ လုပ်ချင်သည်။

 

ထိုကြောင့်လည်း ကိုအေးဆွေသည် နောက်ဆုံးတွင် ခင်သန်းဌေး၏ အကြံပေးချက်များကို ကျေးဇူးတင်စွာဖြင့် ငြင်းပယ်ခဲ့သည့်ပြင် လမ်းစရိတ် ထောက်ပံ့သည့်ငွေကိုပင် အတင်းဇွတ်ငြင်း၍ ထွက်ခဲ့လေသည်။

 

တံခါးဝသို့အရောက် ပြန်၍ အမှတ်မထင် ကြည့်လိုက်မိသည့်အခါ မိမိအားဆွေးလျသည့် မျက်လုံးလေးများဖြင့် ဝမ်းနည်းစွာကြည့်နေသော ခင်သန်းဌေး၏ မျက်နှာလေးကို ကိုအေးဆွေက တွေ့မြင်လိုက်ရသည်။

 

သည်ကဲ့သို့ ခင်သန်းဌေး၏ အကြောင်းများကို စဉ်းစားလာမိသည့်အခါတိုင်း ကိုအေးဆွေ၏ရင် သည် အမြဲလှုပ်ရှားကာ ရင်တဖိုဖို ဖြစ်ရမြဲဖြစ်၏။ နောက်ပြီး အသည်းပြင်ဝယ် နှစ်သိမ့်ကြည်နူးနေသော ခံစားမှုကလည်း အမြဲတစေ ဝင်ရောက်လာလေ့ရှိလေသည်။ သို့သော် ဤသည်၏ နောက်ဝယ်ဘာရယ်ဟု မခွဲခြားတတ်သော စိုးရိမ်ကြောင့်ကြမှု ကလေးများက ကိုအေးဆွေ၏ ဦးနှောက်တွင်းသို့ ဖျတ်ခနဲဆိုသလို အလိုအလျောက် ဝင်ရောက်လာ တော့သည်။ သည်တော့လည်း ထိုအတွေးကို ဖျောက်၍ပစ်လိုက်ရပြန်သည်။

 

ဒီတော့ ငါ့သား။ အဖေ့စာလည်း အတော်ရှည်သွားပြီ။ ငါ့သားကို အဖေတို့ နောက်ဆုံးမှာချင်တာ ကတော့ တို့အတွက် ဘာမှမပူပါနဲ့။ သံယောဇဉ် မတင်းပါနဲ့။ တို့နှစ်ယောက်ဟာ ထမင်းတော့ ငတ် မသေနိုင်ပါဘူးကွာ။ နောက်ဆုံး ထန်းမတက်နိုင် ဦးတော့၊ အိမ်တကာလည်ပြီး ထင်းပေါက်ပေးတာနဲ့ တို့နှစ်ယောက်ရဲ့ တစ်ဝမ်းတစ်ခါးတော့ စားလောက် မှာပါပဲ။ သားသာ သိပ်မပင်ပန်းတဲ့ စာရေးအလုပ် မျိုး တစ်နေရာရအောင်သာ ကြိုးစားရှာပါ။ နောက်ပြီး ဒီထက် စာတတ်အောင်သင်ပါ။ ရတဲ့ပိုက်ဆံကို မင်းကျောင်းစရိတ်သုံးပါ။ တို့ဆီ မပို့ပါနဲ့။ တကယ်တော့ တို့ကသာ မင်းထံပိုက်ဆံပို့ပြီး ပညာသင်ပေးဖို့ ဝတ္တရားရှိတယ်မဟုတ်လား။ နောက်ဆုံးတော့ကွာ မင်းသာကြီးပွားချမ်းသာအောင် ကြိုးစားပါ။ မင်းပညာတွေ ဘာတွေတတ်ပြီး ကြီးပွားချမ်းသာနေတယ်ဆိုရင် အဖေတို့ ကျေနပ်ပါပြီ။ သေလည်း သေပျော်ပါပြီ။

 

အဖေ၊ အမေတို့နှင့်တကွ အရပ်ရှိ ဆွေမျိုးများ အားလုံး နေကောင်းကြပါတယ်။

သား ကျန်းမာပါစေ

ဦးဖိုးခ

 

ဆက်လက်ဖော်ပြပါမည်။