မောင်မောင်ဖြူ

 

၈-၁၁-၂၀၂၃ ရက်မှအဆက်

 

“မင်းလို ထန်းရည်မပြောနဲ့၊ ဆေးလိပ်တောင် မသောက်တဲ့လူနဲ့ အသောက်အစားအကြောင်း ပြောရတာတော့ တယ်မနိပ်ပါဘူးကွာ” ဟု ညည်းညူလိုက်သည်။

 

“ဒီလိုပဲပြောကြတာပဲ မောင်ရင်”

 

“ဒီမှာ အေးဆွေရ၊ ငါ ဒီလောက်သောက်ချင်လို့ ဆင်ခြေကန်နေတာ မဟုတ်ပါဘူး။ ငါလို အမှုထမ်း တစ်ယောက်အနေနဲ့ သောက်ချင်ရင် ဝယ်တောင် သောက်နေစရာ မလိုပါဘူး။ ဆိုင်ထဲဝင်သွားတာနဲ့ တိုက်မယ့်လူက အဆင်သင့်။ ဒါပေမဲ့ ဘယ်တော့မှ တိုက်တိုင်း မသောက်ဘူး။ အခြေအနေကြည့်ပြီး တော့မှသာ ဝင်ရောတဲ့သဘောနဲ့ သောက်တာ။ ကိုယ်က ဝယ်တိုက်သင့်တဲ့လူကို ဝယ်တိုက်ရတာ။ ကိုယ်သောက်တာကတော့ တစ်ခွက် နှစ်ခွက်ပဲ”

 

“ဘာလဲကွ၊ ပီပါကိုင်းတပ်ထားတဲ့ ခွက်နဲ့လား”

 

လှကြည်မှာ ကိုအေးဆွေ၏ ဝင်နှောက်လိုက်သော စကားကြောင့် ပြုံးလိုက်သည်။ ပြီးမှ-

 

“အေးလေ၊ ငါက ထန်းရည်ပဲဖြစ်ဖြစ်၊ အရက်ပဲ ဖြစ်ဖြစ် ကြိုက်လို့သောက်တာမှမဟုတ်ပဲ။ ပေါင်းသင်း ဆက်ဆံရေးအရ အခြေအနေကြည့်ပြီး ဝင်ရောနေတာ ကိုရင်၊ ဘယ်တော့မှ အလွန်အကျွံ မသောက်ဘူး။ တစ်ဦးနဲ့တစ်ဦး မိတ်မပျက်ရုံပဲ။ ခုဟာကတော့ မင်းဆီကို တမင်သက်သက် အလည်လာချင်တာနဲ့၊ ပြီးတော့ ပင်ကျရည်စစ်စစ်ကို သောက်ချင်လို့ကွ။ တည်လောင်းထန်းရည်ခါးတွေကတော့ မြို့ပေါ်မှာ ပေါသပေါ့ကွာ”

 

လှကြည်ပြောသကဲ့သို့ တည်လောင်း ဖောက်ရည် ထန်းရည်ခါးသည် နေရာတကာတွင် ပေါသော်လည်း ပင်ကျရည် ထန်းရည်ခါးစစ်စစ်ကိုမူ သောက်ချင်တိုင်း ရှာမရပေ။ ထန်းတက်နေသော ထန်းတောပိုင်း တွင်ပင် ထန်းတောတိုင်းမှာ ရှာမရပေ။ ရှားပါးလှ သည်။ ထန်းတက်သူကိုယ်တိုင်က ထန်းရည်ခါးကို သောက်တတ်သူ၊ ကြိုက်တတ်သူဖြစ်ပါမှ ထန်းသမား သောက်အဖြစ် အထူးစီမံ ဖောက်ယူထားရသော ထန်းရည်ခါး ဖြစ်ပေသည်။

 

“မင်းသိတဲ့အတိုင်း တည်လောင်း ဖောက်ရည်တွေ က မကောင်းဘူးကွ။ ဥပဒ်မကင်းဘူး။ ပင်ကျရည်က မှ ဥပဒ်ကင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာ၊ အာဟာရ ဖြစ်တာ”

 

လှကြည်၏စကားကြားလျှင် ကိုအေးဆွေသည် အားရပါးရကြီး ရယ်မောပစ်လိုက်ပြန်သည်။

 

“ဒီမှာလှကြည်ရ။ ပင်ကျရည်သောက်တိုင်းလည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမဖြစ်ပါဘူး။ တန်ရင်ဆေး လွန်ရင်ဘေးကွ။ ဘာတဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်က ဥတုဘောဇန သင်္ဂဟကျမ်းမှာ ရေးခဲ့ တာ။ “ဧကော တစ်ခွက်သောက်မူ၊ ဝါယောလေနိုင်၏။ ဒွေးကော နှစ်ခွက်သောက်မူ၊ ပဏ္ဍိတော ပညာရှိ ၏။ တရိကော သုံးခွက်သောက်မူ၊ သူရောရဲရင့်၏။ စတုကော လေးခွက်သောက်မူ၊ ဗျဂ္ဃေါ ကျားကဲ့သို့ ဖြစ်စေ၏။ ပဉ္စကော ငါးခွက်သောက်မူကား သုနက်ခေါ် ခွေးဖြစ်၏” တဲ့။ အဲဒါ ငါကထပ်ပြီးဖြည့်လိုက် ချင်တယ်။ “ဆဌကော ခြောက်ခွက်သောက်မူ၊ ဥမ္မ တကော အရူးဖြစ်၏လို့”

 

“ဟား ဟား ဟား”

 

ကိုအေးဆွေ၏ စာပေသံဖြင့် ဇာတ်ပွဲထဲကမင်းသားကြီး ဟန်ပါပါရွတ်ဆိုပြလိုက်မှုကြောင့် လှကြည်သည် အားရပါးရအော်ဟစ်၍ ရယ်မောလိုက်လေသည်။

 

“အောင်မယ်လေး အေးဆွေရာ၊ ငါက မင်းဟာ စုပေါင်းထန်းလုပ်ငန်းအဖွဲ့က ထန်းလုပ်သားလေး တစ်ယောက်လို့ မှတ်နေတာ။ အပြီးသတ်တော့ ပညာရှိ ကျမ်းပြုဆရာကြီးဖြစ်နေတာကိုး”

 

ထိုနောက်တော့ နှစ်ယောက်သား အားရပါးရ ရယ်မောလိုက်ကြသည်။

 

“ကဲ မောင်ရင်၊ ငါကတော့ မင်းတို့နေရာဟာ ထန်းရည်၊ ထန်းလျက်မျိုးစုံအောင်ထုတ်လုပ်နေတဲ့ စုပေါင်းနယ်မြေ ဘုံထန်းတောဆိုတော့ ဘယ်နည်းနဲ့ မဆို ပင်ကျရည် တစ်မြူ နှစ်မြူတော့ရမှာပဲဆိုပြီး အားကိုးကြီးတစ်ခုနဲ့ မင်းဆီလာခဲ့တာ။ ဒီရောက် တော့ မင်းက ငါ့ကိုဆီးပြီး ထန်းရည်မသောက် တရား ဟောတယ်။ အမှန်တော့ မင်းနဲ့ အေးအေးဆေးဆေး စကားပြောရင်း သောက်ရအောင်ဆိုပြီး လာခဲ့တာ။ ရှာမပေးနိုင်ဘူးဆိုလည်း နေပေါ့။ ကဲ ဒီလိုဆို ငါ ပြန်မယ်ကွာ”

 

လှကြည်က မျက်နှာခပ်တည်တည်ထား၍ ပြောရင်း နေရာမှ ပြောပြောဆိုဆို ထလိုက်သည်။ သည်တော့မှ ကိုအေးဆွေသည် ပြုံးရွှင်နေသော မျက်နှာဖြင့် ပျာပျာသလဲ တားလိုက်သည်။

 

“ဟေး၊ ဟေး။ မပြန်ပါနဲ့ကွ။ ရှာမပေးနိုင်ဘူးလို့ ငါက ပြောသေးလို့လား။ တကတဲ မင်းကလည်း စိတ်ချည်းပဲ။ ငါလည်း မင်းနဲ့ အေးအေးဆေးဆေး စကားပြောချင်နေတာ ကြာပြီ။ ကဲပါ၊ ငါ ရှာပေးပါ့ မယ်ကွာ”

 

“ဘယ့်နှယ်လဲဗျ ကိုဆယ်ရင်။ ဟိုတလောတုန်းက ခင်ဗျားနဲ့ အေးဆွေ ယောက္ခမလောင်းကြီးနဲ့ ဆွေးနွေး လိုက်ကြတဲ့ ဆွေးနွေးပွဲဂယက်ကတော့ ခုထက်ထိ ကျွန်တော်တို့မြို့က ထန်းပိုင်ရှင်လောကမှာတော့ ဂယက်ရိုက်တုန်းပဲဗျ။ ခင်ဗျားသုံးလိုက်တဲ့ စကား လုံးတွေကတော့ တယ်ပြောင်ပါ့ဗျာ”

 

ကိုအေးဆွေ၊ လှကြည်နှင့် ဆယ်ရင်တို့သည် မကြာမီပင် ဆယ်ရင်၏တဲ၌ ဆယ်ရင်၏ အကျိုးဆောင်ပေး မှုဖြင့် ငှက်ခါးတောင် ပင်ကျရည်ကို စကားတပြောပြောနှင့် လျှာတွေ့နေကြလေသည်။ ကိုအေးဆွေကမူ မသောက်ချေ။ အမြည်းကိုသာ စားသည်။ လှကြည်နှင့် ဆယ်ရင်တို့ကား ခွက်လှည့်ဆင့်နေကြသည်။ ခွက် လှည့် များလာသည်နှင့်အမျှ ပို၍လည်း အာသွက် လျှာသွက် ဖြစ်လာကြသည်။ လှကြည်က သူ၏စိတ် ဝင်စားစရာ ကိုယ်တွေ့အဖြစ်အပျက်ကလေးများကို ပြောပြနေရာ ကိုအေးဆွေနှင့် ဆယ်ရင်တို့မှာလည်း နားထောင်မငြီး ဖြစ်နေကြသည်။

 

သို့ဖြင့် စပ်မိစပ်ရာ ဟိုအကြောင်း ဒီအကြောင်း ပြောဆိုလာရာမှ မကြာမီကဖြစ်ပွားခဲ့သော ထန်းပိုင်ရှင် ဦးမြမောင်နှင့် ဆယ်ရင်တို့၏ ပဋိပက္ခ အငြင်းအခုံပွဲအကြောင်းသို့ စကားဆိုက်လာရာ လှကြည်က ဆယ်ရင်အား ချီးကျူးစကား ဆိုလိုက်လေသည်။

 

“ပြောင်တယ်လို့တော့ မဟုတ်ပါဘူးဗျာ။ အခြေ အနေအရ အကြောင်းအရာလိုက်ပြီး လုံးလိုက်ရတာပါ”

 

“ဘာတဲ့ဗျာ၊ ခင်ဗျားပြောလိုက်တဲ့စကားတွေထဲ မှာ “ချစ်တီးကုလားကြီးတွေဟာ နောက်နောက် ဘဝက ဘုရားဒါယကာ၊ ကျောင်းဒါယကာ၊ သိမ်ဒါယကာ၊ ဇရပ်ဒါယကာကြီးတွေအဖြစ်နဲ့ လှူခဲ့တန်းခဲ့လို့ ခုဘဝမှာ ချစ်တီးကုလားကြီးဖြစ်ပြီး လယ်တွေကို အဓမ္မကြွေးနဲ့သိမ်းလို့ နောက်ဘဝက ဒါနမျိုးဆက်ကြောင့် လယ်ပိုင်ရှင်ကြီးတွေဖြစ်သွားတာလား။ ကျွဲနဲ့ နွားနဲ့ဖက်ပြီး တကယ်အလုပ်လုပ်တဲ့ လယ်သမားမှာတော့ ဒါနမျိုးစေ့နည်းခဲ့လို့ ခေါင်းပုံဖြတ်ခံ၊ သွေးစုပ်ခံ၊ ခြယ်လှယ်ဖိနှိပ်ခံရပြီး မွဲသွားတာလား” ဆိုတဲ့စကားလုံး တွေကတော့ အကြိုက်ဆုံးပဲဗျို့”

 

လှကြည်သည် ငွေကြေးရှင် ထန်းပိုင်ရှင်လောကမှတစ်ဆင့် ပြန်လည်ကြားလာရသော ဆယ်ရင့် စကားလုံးအချို့ကို ပြောပြလိုက်သည်။

 

“နောက်ပြီး ရှိသေးတယ်။ ထန်းပိုင်ရှင်တွေဟာ မြူအိုးတစ်လုံးလည်း လာကောက်မပေးဘဲနဲ့၊ ထင်း တစ်ချောင်း၊ ပိုက်ဆံတစ်ပြားလည်း အလကား လာမပေးဘဲနဲ့ အရင်းရှင် စီးပွားရေးစနစ်နဲ့ အချောင် လူညွန့်ခူး ခေါင်းပုံဖြတ်ယူတယ်ဆိုတဲ့ စကားဟာလေ”

 

ထန်းပိုင်ရှင်လောကတွင် ရေပန်းအစားဆုံး၊ အခံရအခက်ဆုံးဖြစ်နေသော စကားလုံးအချို့ကို လှကြည်က ရွေးကောက်ပြောပြနေလေသည်။

 

“ကျုပ်အနေနဲ့ ကျုပ်ထန်းပိုင် ဦးမြို့ကိုရော၊ ဦးမြမောင် ကိုရော လူကြီးတွေအနေနဲ့ လေးစားရိုသေပါတယ်။ နို့ပေမဲ့ ဘယ်လိုပဲရိုသေလေးစားပေမဲ့ ကျုပ်ကိုဆိုရင် အတော်ကို မုန်းနေတယ်နဲ့တူတယ်။ ဘယ်လိုပဲ အကောင်းပြောပြော အကောင်းမထင်ဘူး။ သူတို့ မျက်စိထဲမှာ ကျုပ်တို့တစ်တွေကို မျက်စိဆံပင်မွေး စူးစရာလို့ ထင်နေတယ်ထင်ပါရဲ့”

 

“မျက်စိဆံပင်မွေးစူးရုံမကဘူး ကိုဆယ်ရင်။ ရန်သူလို့ထင်နေတာ” ဆယ်ရင်၏စကားကို ကိုအေးဆွေကပါ ဖြည့်စွက် ၍ ထောက်ပေးလိုက်သည်။

 

“မင်းတို့ကကော ရန်သူဖြစ်အောင် လုပ်နေလို့လား” လှကြည်က ကိုအေးဆွေဘက်လှည့်၍ မေးလိုက်၏။

 

“တို့ကတော့ ရန်သူဖြစ်အောင်လုပ်တာတော့ မှုတ်ပါဘူး။ လူ့သမိုင်းရဲ့ တောင်းဆိုချက်အရလုပ်တာပါ။ ဒါကို ထန်းပိုင်ရှင်ဘက်ကအမြင်နဲ့ ဓနရှင် စနစ်အရ မြင်နေတာကိုတော့ မပြောတတ်ဘူး”

 

“ဘယ်လိုလဲကွ အေးဆွေ။ လူ့သမိုင်းရဲ့ တောင်းဆို ချက်အရဆိုတာက ရှင်းစမ်းပါဦး။ မင်းတို့ နိုင်ငံရေး အသုံးအနှုန်းတွေကို ငါနားမလည်ပါဘူးကွာ”

 

“ဒီလိုလေကွာ၊ ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံ ဘယ်တိုင်း ပြည်မဆို အလုပ်ရှင်နဲ့ အလုပ်သမား၊ လယ်ပိုင်ရှင်နဲ့ လယ်လုပ်သမား၊ ယာပိုင်ရှင်နဲ့ ယာလုပ်သမား၊ ထန်းပိုင်ရှင်နဲ့ ထန်းသမား ဒီလူတန်းစားအသီးသီး တွေဟာ ဘယ်တော့မှ တစ်ဦးနဲ့တစ်ဦး ငြိမ်းချမ်းစွာ ပူးတွဲပြီး အစဉ်မနေနိုင်ဘူး။ ဘာကြောင့်ဆိုရင် အလုပ် ပိုင်ရှင် မြေပိုင်ရှင်ဆိုတဲ့ လူတန်းစားတွေဟာ ငွေကြေးရှင်လူတန်းစားတွေပီပီ အရင်းရှင်စီးပွားရေး စနစ်နဲ့ တောင်သူလယ်သမား အလုပ်သမားတွေအပေါ်မှာ အမျိုးမျိုးခြယ်လှယ်ပြီး ခေါင်းပုံဖြတ်တယ်၊ သွေးစုပ်တယ်၊ ချုပ်ချယ်ဖိနှိပ်တယ်။ ဒီလိုနဲ့ ကြာလာတော့ အရင်းမဲ့ ပစ္စည်းမဲ့ တောင်သူလယ်သမား၊ အလုပ်သမား လူတန်းစားတွေဟာလည်း အတွေ့ အကြုံအပေါ်မှာ သင်ခန်းစာရပြီး တိုးတက်တဲ့ အယူ အဆတွေ ပြောင်းလဲလာတယ်။ အတွေးအခေါ်တွေလည်း ရင့်ကျက်လာတယ်။ ရသင့်ရထိုက်တဲ့ လုပ်ခ ရဲ့ အခကြေးငွေကို အပြည့်အဝရအောင် တောင်းဆိုလာတယ်။ ခြယ်လှယ်မှုကိုလည်း မခံတော့ဘဲ တော်လှန်လာတယ်။ ဒီတော့ အလုပ်ရှင်နဲ့ အလုပ်သမား၊ မြေရှင်နဲ့ တောင်သူလယ်သမားတွေဟာ အငြင်းအခုံဖြစ်လာတယ်။ ပဋိပက္ခ ဖြစ်လာတယ်။ ပိုမိုတောင်းရမလားဆိုပြီး ငွေရှင်၊ ကြေးရှင်၊ အရင်း ရှင်၊ မြေရှင်တွေက အလုပ်သမား တောင်သူလယ် သမားတွေအပေါ်မှာ ငြိုငြင်လာတယ်။ ဒီလို ခေါင်းပုံ ဖြတ်ခံနေရတဲ့ အရင်းမဲ့လူတန်းစားတွေကို အသိဉာဏ်ပေးပြီး ခေါင်းဆောင်လုပ်တဲ့လူကိုလည်း မျက်မုန်းကျိုးလာတယ်။ ရန်သူလို မြင်လာတယ်”

 

ဆက်လက်ဖော်ပြပါမည်။