နွေဦးကာလမြူထသောအခါ

မောင်မောင်ဖြူ

၂၀-၃-၂၀၂၃ ရက်မှအဆက်

“အခုလို ကြုံတုန်းကျွန်တော်ပြောပါရစေ။ ကျွန်တော်တို့စီစဉ်တာက ယခုမြို့ပေါ်မှာ ပဲပြုတ်သည် ၁၅ ဦး ရှိတယ်ဆိုပါတော့၊ ဒီပဲပြုတ်သည်ဟာ အများအားဖြင့် ကျွန်တော်တို့တွေ့ဖူးတာက နေ့ပြန်တိုးနဲ့ အလုပ်လုပ်ကြတယ်။ မနက် ၁ဝ ယူတဲ့အခါ၊ အတိုးနုတ်ပြီး အရင်း ၈ ပဲ ရပါတယ်။ အဲဒီ ၈ နဲ့ ရင်းပြီး ညနေကျတော့ ၁၀ ပြန်ပေးရတယ်။ ၁ဝ မပေးနိုင်ရင် သူအတော်ဒုက္ခရောက်တယ်။ ဒါတွင် မဟုတ်သေးဘူး။ အဲဒီပဲပြုတ်သည်ဟာ ဒီငွေချေးသွားပြီး သွားရောင်းတဲ့အခါ ဈေးဆိုတာ ရောင်းကောင်းတဲ့ နေ့ရှိတယ်၊ ရောင်းမကောင်းတဲ့နေ့ရှိတယ်။ ရောင်းကောင်းတဲ့ပဲပြုတ်သည်ဟာ ၁၁၊ ၁၂ ဆိုရင် အရင်းပြန်ပေးနိုင်တယ်။ ရောင်းမကောင်းတဲ့ ပဲပြုတ်သည် က ၈၊ ၅ လောက်ပဲရတော့ တစ်ဝက်လောက် ကျန်တဲ့ငွေက ဒုက္ခရောက်ရော။ နောက်ဆုံး အရင်းပြုတ်ပြီး လူပါ ကိုးရိုးကားရား ဖြစ်ရတဲ့ဘဝ ရောက်ရတယ်။

“ပဲပြုတ်သည်ဆိုတာက ဥပမာအဖြစ်ပြောတာပါ။ ပဲပြုတ်သည်တွင် မဟုတ်သေးဘူး၊ မုန့်ဟင်းခါးသည်တို့ ဘာတို့လည်းရှိတယ်။ ကျွန်တော်စိတ်ကူးရတာက ဈေးတောင်းခေါင်းရွက် သမဝါယမဖွဲ့စည်းမယ်။ အရင်းအနှီးကို ကျွန်တော်တို့က စိုက်ထုတ်ပေးမယ်။ တစ်ဦးတစ်ယောက်တည်းဆိုရင်ပေးတာ ဆုံးပါးသွားမယ်။ အသင်းအဖွဲ့နဲ့ဆိုရင် ဒီလူကပျက်သွားရင် ဟိုလူဆီကပြန်ရနိုင်တယ်။
“ဒီတော့ ပဲပြုတ်သည်နမူနာကို ပြန်ပြောပါရစေ။ ပဲပြုတ်သည် ၁၅ ဦးမှာ တစ်ယောက် နှစ်ယောက်က မနက်အစောကြီး ထပြုတ်၊ ကျန်တဲ့လူကရောင်း။ ပြုတ်တာလည်း အလှည့်နဲ့။ အဲဒီတော့ တစ်ယောက်နှစ်ယောက်ရောင်းဖို့လို့ကျန်ရင်  ကျန်တဲ့လူက မျှရောင်း။ အကွက်ချပြီးတော့ဆိုပါတော့ နံပါတ် ၁ အကွက်က အစောကြီးကုန်ပြီး နံပါတ် ၅ က မကုန်သေးဘူးဆိုရင် နံပါတ် ၁ က နံပါတ် ၅ ကို ကူရောင်း၊ အဲဒီလို မျှမျှတတလုပ်ရင် အလဟဿဖြစ်တဲ့ကိစ္စဟာ အတော်လျော့သွားမယ်။ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ၁၅ ယောက်စလုံး ဒုက္ခရောက်နေတဲ့ကိစ္စကို နှစ်ယောက်က တာဝန်ခံလုပ်လို့ရတယ်။ ယခုတင်က တစ်ယောက်ရှုံးရင် တစ်ယောက်တည်းကခံရတယ်။ ၁၅ ယောက်လုပ်တဲ့အခါမှာ ရှုံးဦးတော့ အရှုံးလည်း သက်သာတယ်။ အကုန်လုံးအကျိုးရှိပါတယ်။ ၁ဝ ယောက်လောက်က အကုန်ရောင်းလို့ရတယ်။ ၅ ယောက်က တစ်ဝက်ကျန်နေရင် ရတာကို ပျမ်းမျှပြီး အရှုံးအတူတူ၊ အဲဒီလိုလုပ်ကြရမယ်”

ခင်သန်းဌေးသည် စာကြောင်းများအောက်မှ မျဉ်းသားထားသည့် စာကြောင်းများကိုပါမက ထိုအကြောင်းအရာများ၏  ရှေ့နောက်စကား အဆက်များကိုပါ ဆက်လက်ဖတ်နေပြန်လေသည်။

ခပ်လှမ်းလှမ်းရှိ ယောဂီဝတ်ပုဂ္ဂိုလ်မှာ မရှိတော့ပေ။ လေသည် တသုတ်သုတ် တိုက်ခတ်လျက်ရှိ၏။

လိုဏ်ဂူတော်ဘက်ဆီမှ ခေါင်းလောင်းထိုးသံ သည် သာယာစွာဖြင့် ပျံ့လွင့်လာပြန်သည်။

“ဒီမိန့်ခွန်းအရဆိုရင်တော့ တောင်သူလယ်သမားတွေနဲ့ လက်လုပ်လက်စားတွေအဖို့ အားရစရာ ကြီးပဲနော်”

ခင်သန်းဌေးက လှိုက်လှဲစွာဖြင့် ထောက်ခံရင်း ဆိုလိုက်လေသည်။ 

“ဒါကြောင့်မပြောလား။ ကျွန်တော် လုပ်မယ်ဆိုတာက တိုင်းပြည်ရဲ့ အခြေအနေပါ ထည့်တွက်ပြီးမှ သွားလုပ်မယ်လို့ ရည်ရွယ်တာပေါ့”

 ကိုအေးဆွေကလည်း ခင်သန်းဌေးက လိုလိုလားလားထောက်ခံလာ၍ အားရစွာဖြင့် ရင့်ကျူးလိုက်သည်။

“ဒါပေမဲ့ ကိုအေးဆွေ၊ ရှေ့လောမကြီးပါနဲ့။ စဉ်းစားပါဦး၊ အခြေအနေကိုလည်း စောင့်ကြည့်ပါဦး။ ဒါနဲ့ နေစမ်းပါဦး၊ ဒီစုပေါင်းလုပ်ငန်းကို လုပ်မယ်ဆိုတော့ ကိုအေးဆွေက ခေါင်းဆောင်လုပ်မှာလား”

“ကျွန်တော်ပဲ ခေါင်းဆောင်လုပ်ရမှာပေါ့ဗျာ”

ထိုအခိုက် နောက်ဘက်ဆီမှ စကားပြောသံလို ရုတ်တရက် သဲ့သဲ့ကြားလိုက်သဖြင့် ကိုအေးဆွေတို့ နှစ်ဦးစလုံးမှာ အသံလာရာဘက်ဆီသို့ လှည့်ကြည့်လိုက်မိကြသည်။ ငယ်ရွယ်သောလုလင်ပျိုနှင့် လုံမပျိုစုံတွဲကို တွေ့ရသည်။ ကြည်နူးရွှင်ပျနေသော ဟန်ပန်လေးများဖြင့် စကားပြောလျက်လာသည်ကို တွေ့ရသည်။ သို့သော် သူတို့သည် ကိုအေးဆွေ တို့အား တွေ့လိုက်၍လားမသိ၊ တခြားဘက်သို့ ရှောင်ထွက်သွားကြသည်။  ဤအခြင်းအရာကိုကြည့်၍ ခင်သန်းဌေးနှင့် ကိုအေးဆွေတို့မှာ အဓိပ္ပာယ်ပါသောအကြည့်များနှင့် တစ်ဦးနှင့်တစ်ဦး ရုတ်တရက်ကြည့်လိုက်မိကြသည်။ ပြီးမှ ခင်သန်းဌေး က ပြတ်သွားသောစကားကို ဆက်လိုက်သည်။

“ဒီလိုမေးတာက ကိုအေးဆွေကို အထင်သေးလို့ မဟုတ်ဘူးနော်။ ဘာကြောင့်ဆိုရင် အများနဲ့လုပ်ရတာက မလွယ်လို့ပါ။ အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင်လုပ်ရတယ်ဆိုတာ  အပြောမှာ လွယ်သလောက် လက်တွေ့ခက်တယ် ကိုအေးဆွေ”

သို့ဖြင့် ခင်သန်းဌေးသည် ကိုအေးဆွေအား ကျိုးကြောင်းပြ၍ တားမြစ်လေသည်။ ကျောက် ပန်းတောင်းနယ်ရှိ ထန်းသမားများမှာ တိုးတက်သောအယူအဆ မရှိကြသေးသည့် ခေတ်မမီကြသေးသော သမားရိုးကျ ထန်းသမားများသာရှိသေး ကြောင်း၊ ထို့ကြောင့် စတင်တီထွင်လုပ်မည့် စုပေါင်ထန်းလုပ်ငန်းကို လက်ခံကြမည်မထင်ကြောင်း၊ လက်ခံပြုလုပ်စေကာမူ ခဏနှင့်ပင် ညစ်ပတ်မှုရှိလာပြီး ပျက်သွားမည်ဖြစ်ကြောင်း၊ နောက်ပြီး ကိုအေးဆွေမှာ လက်တွေ့မရှိသေးသောသူဖြစ်ပြီး စာတွေ့နှင့်  စိတ်ကူးယဉ်လောက်သာ ရှိသေးကြောင်း၊ အကယ်၍ လက်တွေ့လုပ်ဆောင်လာမည် ဆိုလျှင်လည်း  စတင်တီထွင်လုပ်ရခြင်းဖြစ်၍ အခက်အခဲများနှင့် မုချရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဤအခက်အခဲများကို  ကိုအေးဆွေကသာ ခေါင်းဆောင်လုပ်ကိုင်သူဖြစ်၍ ကိုအေးဆွေကပင် ပြေလည်အောင် ဒိုင်ခံရှင်းရမည် ရင်ဆိုင်ရမည် ဖြစ်ကြောင်း၊ ထိုကြောင့် အရေးကိစ္စကြုံလာသည့် အခါ အကြံအားဉာဏ်အား ပေးမည့်သူလိုကြောင်း စသည်ဖြင့် ခင်သန်းဌေးက ကိုအေးဆွေအား ရှေ့လောတကြီးမလုပ်မိရန်၊ စဉ်းစားရန်တို့ကို တင်ပြဆွေးနွေးလာလေသည်။

“ဌေးဌေးပေးတဲ့ အကြံဉာဏ်တွေကို ကျွန်တော်လက်ခံပါတယ်။ ဒါတွေကိုလည်း ကျွန်တော် စဉ်းစားပြီးပါပြီ။ တကယ်တော့လည်း ကျွန်တော့်အနေနဲ့ လုပ်ချင်တာသာရှိတာ၊ တကယ့်တကယ်ကျတော့ လက်တွေ့မရှိ၊ စာတွေ့လည်း ရှိသေးတာမဟုတ်ပါဘူး။ ဆရာကြီး ဦးလှဒင်ကျောင်း နေတုန်းကသာ ဆရာကြီးက ခဏခဏ စုပေါင်းစိုက်ပျိုးရေးတို့၊ စုပေါင်းမွေးမြူရေးတို့၊ စုပေါင်းရောင်းဝယ်ရေးတို့ စတဲ့ စုပေါင်းလုပ်ငန်းတွေအကြောင်းကို သူအားလပ်တဲ့အချိန်တိုင်း ဗဟုသုတအဖြစ် ပြောပြခဲ့ ဖူးလို့ နားရည်ဝပြီး နားယဉ်နေတာ”

ဤသို့ဖြင့် ကိုအေးဆွေသည် ဆရာကြီးဦးလှဒင် အကြောင်းကို ပြောပြလေသည်။ ခင်သန်းဌေးတို့ အမြင်တွင်  ဆရာကြီးမှာ ကျောင်းဆရာကြီး တစ်ယောက်အနေဖြင့် မြင်နေရသော်လည်း အမှန်မှာ ဆရာကြီးသည် ကားလ်မတ်၊ အိန်ဂျဲ၊ လီနင်၊ စတာလင်၊ မော်စီတုန်း စသော လက်ဝဲခေါင်းဆောင် များရေးသည့် စာအုပ်စာတမ်းများကို လေ့လာ ဆည်းပူးကာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သက်ဝင်ပြီး နှစ်သက်နေသူဖြစ်ကြောင်း၊ အရင်းရှင်စနစ်ကို ရွံမုန်းနေသူဖြစ်ကြောင်း၊ ထိုကြောင့် ဆရာကြီး မကြာခဏ ပြောပြလေ့ရှိသော စုပေါင်းလုပ်ငန်းများ အကြောင်းနှင့် ယနေ့တော်လှန်ရေးအစိုးရ၏ ဆိုရှယ်လစ်စီးပွားရေးစနစ် လမ်းစဉ်မှာအတူတူ ဖြစ်နေသည်ကို တွေ့ရှိလာသဖြင့်  ဆရာကြီး ဦးလှဒင်ထံသို့ စုပေါင်းထန်းလုပ်ငန်း လုပ်ချင်သည်ကို   စာရေးအကြောင်းကြားခဲ့ကြောင်း၊ ဆရာကြီးကလည်း ယင်းကဲ့သို့ မောင်အေးဆွေ လုပ်ချင်ကြောင်းသိရ၍ ဝမ်းသာချီးကျူးကြောင်း၊ အကြံဉာဏ်ပါမက လူအားပါ အစွမ်းကုန်ကူညီ ပါ မည်ဖြစ်ကြောင်းနှင့် စာပြန်လာကြောင်း စသည်ဖြင့် ကိုအေးဆွေက ခင်သန်းဌေးအား ရှင်းပြလေသည်။ 

“ဒါကြောင့်မို့လို့လည်း ကျွန်တော်က ရဲရဲဝံ့ဝံ့ ပြန်ပြီးလုပ်မယ်လို့ ပြောတာပေါ့”

“ဪ၊ ဒီလိုကိုး။ ဒီလိုဆိုတော့ ကိုအေးဆွေဟာက ဌေးဆီကို အကြံဉာဏ်တောင်းဖို့ လာတာမှမဟုတ် ဘဲ။ နှုတ်ဆက်ဖို့လာတာကို။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချက်ချပြီးသားပဲ၊ ကိုအေးဆွေဥစ္စာက”

ခင်သန်းဌေးက ကိုအေးဆွေအား မေးကလေးထိုး၍ မျက်လုံးလေးပြူးကြည့်ရင်း ခပ်ငေါ့ငေါ့လေး ဆိုလိုက်သည်။

“သို့ပေမဲ့ ဒီလို ဌေးဌေးနဲ့ တိုင်ပင်ကြည့်တော့ကော မှားလို့လား” 

“မှားတော့ မမှားပါဘူး’

“မမှားပါဘူး ဌေးဌေး။ တိုင်ပင်သင့် တိုင်ပင်ထိုက် တဲ့သူမို့ လာပြီးတိုင်ပင်ဆွေးနွေးတာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့ အကျိုးပြုမယ့် အကြံဉာဏ် ဝေဖန် ချက်တွေကတော့ ထွက်လာမှာပဲ။ ခုပဲရလာပြီ မဟုတ်လား။ နောက်ပြီး ခုလုပ်ငန်းက တစ်ကိုယ် ကောင်းလုပ်ငန်းမှမဟုတ်ဘဲ။ နောင်ခါမှာ တစ်တိုင်းပြည်လုံးနဲ့ချီပြီး ထွန်းကားကျင့်သုံးလာမယ့် စနစ်တစ်ခုပဲဟာ။ ခုပဲကြည့်လေ၊ လယ်မဲ့ယာမဲ့ အလုပ်လက်မဲ့တွေအတွက် သမဝါယမ ဘုံရွာတွေ တည်ပေးပြီးတော့ အဲဒီရွာမှာနေတဲ့သူတွေဟာ စုပေါင်းစိုက်၊ စုပေါင်းမွေးမြူ၊ စုပေါင်းလုပ် ရလာတဲ့ အကျိုးအမြတ်ကိုလည်း အားလုံးမျှဝေယူဆိုတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ အခြေခံကျင့်သုံးမယ့် စံပြ သမဝါယမကျေးရွာတွေတောင် တည်ပေးနေပြီ။ မကြာမီ လူတွေချပေးတော့မယ်လို့ ကြားနေရပြီ။ ကဲထားပါလေ၊ ဒါက အစိုးရရဲ့ လုပ်ဆောင်ချက်တွေပါ။ အမှန်က ကျွန်တော့်မှာ အဓိကရည်ရွယ်ချက် တစ်ခုရှိတယ်”

အလေးအနက်ထား၍ ဆိုလိုက်သော ကိုအေးဆွေ၏ နောက်ဆုံးစကားကြောင့် ခင်သန်းဌေးမှာ အတော်စိတ်ဝင်စားလာသည်။

“ဘာလဲဆိုရင် စောစောက ကျွန်တော်ပြောခဲ့သလို ခုခေတ် ပညာတတ်လူငယ်လေးတွေဟာ ခေတ်ပညာလေး အတော်အသင့်တတ်လာပြီဆိုရင် စာရေးစာချီ ရာထမ်း မှုထမ်း လခစားအလုပ်ကလွဲလို့ တခြားအလုပ် မလုပ်တတ်ဘူး။ တီထွင်လုပ်ရ ကောင်းမှန်းလည်း မသိဘူး။ ကျွန်တော်က အဲဒီလို ခေတ်ပညာတတ် လူငယ်လေးတိုင်း မျှော်မှန်းနေတဲ့ သမားရိုးကျရည်ရွယ်ချက်ကို တော်လှန်ပစ်ချင် တယ်။ ငါ ပညာတတ်လာတာဟာ သူတစ်ပါးထံမှာ လခစားအလုပ် လုပ်ဖို့မဟုတ်ဘူး။ ခေတ်ပညာတတ် လူတစ်ယောက်ဟာ မြို့ပေါ်မှ အလုပ်လုပ်လို့ရတာ မျိုးမဟုတ်ဘူး။ တောမှာလည်း ဟောဒီလို ဟောဒီလို လုပ်လို့ရတယ်။ ကိုယ့်အကျိုး၊ လူထုအကျိုး၊ တိုင်းပြည်အကျိုးကိုပါ တကယ်ဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ အလုပ်တွေ၊ လုပ်ငန်းတွေရှိတယ်ဆိုတဲ့ အကြောင်းကို လက်တွေ့ပြချင်လို့”

ဆက်လက်ဖော်ပြပါမည်။