ငွေဆောင်ကမ်းခြေဒေသ သန့်ရှင်းသာယာ လှပစေရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

(၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးရုံး ငွေဆောင် ရုံးခွဲနှင့် မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များ အသင်း(ငွေဆောင်ဇုန်)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ငွေဆောင် ကမ်းခြေဒေသ သန့်ရှင်းသာယာ လှပစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ငွေဆောင်မြို့မ အားကစားကွင်း၊ အထက ကျောင်းရှေ့လမ်းဆုံ၊ Sunny Paradise Hotel အနီးကမ်းခြေတို့၌ စွန့်ပစ် အမှိုက်များကောက်၍ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

 

 

ငွေဆောင်ကမ်းခြေဒေသသည် သဘာဝခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ နှစ်စဉ်တိုးတက်များပြားလာကာ ကမ်းခြေနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ မပျက်စီးစေရေး၊ စွန့်ပစ်အမှိုက်များ လျော့နည်းကျဆင်းရေး၊ ကမ်းခြေဒေသ သဘာဝအလှများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ပညာပေးလှုပ်ရှားရန် ရည်ရွယ်ကာ စုပေါင်းသန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

 

 

အဆိုပါ စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်လှုပ်ရှားမှုကို ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ငွေဆောင်ရုံးခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးစိုးဝင်းနှင့်ဝန်ထမ်းများ၊ ဟိုတယ်ဇုန်ရှိ ဟိုတယ် ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN