ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၈ ဇွန်

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ပူးပေါင်း၍ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်အောင်သူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် ကျော်ဝင်းသိန်းမှ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာအား ရှင်းလင်းတင်ပြသည်။

အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့် ဩစတြေးလျသံရုံးတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ (ဒုတိယပိုင်း)တွင် မဟာဗျူဟာနယ်ပယ်(၅)ရပ်၏ နယ်ပယ် တစ်ခုချင်းအလိုက်၊ သက်ဆိုင်ရာဌာနများမှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်များကို အသေးစိတ်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသည် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသည့် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာ နယ်ပယ်အလိုက် အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည့် အစီအစဉ်များ၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက လုပ်ငန်းစီမံချက် အတိုင်းအကောင်အထည် ဖော်ဆောင်ရေးနှင့် မဟာဗျူဟာအား သတ်မှတ်ကာလအလိုက်  ပြီးစီးအောင် အလေးထားဆောင်ရွက်ရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉-၂၀၂၃၊ (၅)နှစ်တာ ကာလအတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာ လုပ်ငန်းစီမံချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အား ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်