ငွေတောင်ဆည်အတွင်း ဘတ္တရီရှော့တိုက်ခြင်းဖြင့် ငါးဖမ်းခြင်း မပြုလုပ်ရန် အသိပေး ဆိုင်းဘုတ် စိုက်ထူ

ဒီးမော့ဆို  ၃၀  ဇူလိုင်    


ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် ငါးများကို ဘတ္တရီရှော့တိုက်၍ ငါးဖမ်းဆီးခြင်း မပြုလုပ်ရန် အသိပေးဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသန္တာဝင့်နှင့် ဝန်ထမ်းများ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ငွေတောင်ဆည် ပတ်ဝန်းကျင်၌ စိုက်ထူခဲ့ကြောင်း သိရသည်။


ငွေတောင်ဆည်တွင် ငါးများကို ဘတ္တရီရှော့တိုက်(ကျင်စက်)ဖြင့် ဖမ်းဆီးမှုများရှိနေကြောင်း သိရှိရသည့်အတွက် ယခုလို အသိပေး ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ပြီး ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းကို အသုံးပြု၍ ငါးဖမ်းဆီးပါက ငါးမျိုး ပြုန်းတီးနိုင်ကြောင်း၊ ထိုသို့ ငါးဖမ်းဆီးသူများကို ကယားပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၃၉ အရ ဒဏ်ငွေ ၃ သိန်းဖြစ်စေ၊ ထောင်ဒဏ် (၂) နှစ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။


ငွေတောင်ဆည်သည် ဒေသခံပြည်သူများ၏ ငါးရိက္ခာဖူလုံစေရန် အထောက်အကူပြုသည့် ဆည်တစ်ခုဖြစ်ပြီး ယခင်လမှ စ၍ ဆည်အတွင်း ငါးများကို ဘတ္တရီရှော့တိုက်ခြင်းဖြင့် ငါးဖမ်းဆီးမှုများ ဖြစ်ပေါ်သဖြင့် ငါးသယံဇာတများ ပြုန်းတီးမသွားစေရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ဘတ္တရီရှော့တိုက်၍ ငါးဖမ်းဆီးသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများက ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း သိရသည်။


ရီရယ်(ဒီးမော့ဆို)