ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့တဲ့ သီရိလင်္ကာရွေးကောက်ပွဲ

၂၀ နိုဝင်ဘာ

တမီလ်ကျားသူပုန်များအား တိုက်ခိုက်အနိုင်ယူခဲ့သော ဂိုတာဘာရာ ရာဂျာပက်စကာသည် နိုဝင်ဘာ ၁၇ ရက်တွင် ကျင်းပသော သီရိလင်္ကာရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး သမ္မတသစ်ဖြစ်လာခဲ့သည်။

ယခုသမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ လက်ရှိ သမ္မတ မက်သရီပါလာ ဆရီဆီနာမှာမူ အီစတာပွဲတော် ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး ဝေဖန်မှုများနှင့်ရင်ဆိုင် နေရသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ အိုင်အက်စ်အကြမ်းဖက်သမားများသည် အဆိုပါ တိုက်ခိုက်မှုများတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဟိုတယ်များအား ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ရာတွင် လူ ၂၅၃ ဦး သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများ မတိုင်မီ အိန္ဒိယတာဝန်ရှိသူများက တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ကြောင်း သတင်းပေးခဲ့သော်လည်း သီရိလင်္ကာ တာဝန်ရှိသူများအချင်းချင်း အဆိုပါသတင်းများအား အချိန်မီအကြောင်းကြားခြင်း မရှိခဲ့ပေ။ ထိုအဖြစ်အပျက်သည် အစိုးရအပေါ်တွင် အကျိုးသက်ရောက်မှုရှိခဲ့သည်။

ယခုသမ္မတရွေးကောက်ပွဲတွင် ထိပ်တန်းယှဉ်ပြိုင်ဘက် နှစ်ဦးရှိသည်။ တစ်ဦးမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂိုတာဘာရာ ရာဂျာပါစကာဖြစ်ပြီး ၎င်း၏အစ်ကို သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဂိုဘာရာအား လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲခြင်းခံရသည်။

၎င်း၏နိုင်ငံသားရပ်တည်မှုများနှင့် ပတ်သက်ပြီး ဝေဖန်သူအချို့က မေးခွန်းများ ထုတ်ခဲ့သည်။ သူ၏ ပြိုင်ဘက်ဖြစ်သော ဆဂျစ်ပရီမာဒါက မဲပေးသူ ပြည်သူများအား ၎င်းအနိုင်ရရှိခဲ့ပါက အမျိုးသားလုံခြုံရေးအတွက် ဆောင်ရွက်ရန် တမီလ်ကျားသူပုန်များအား အနိုင်ယူခဲ့သော စစ်ဦးစီးချုပ်ဟောင်း ဆရက်ဖွန်စီကာအား တာဝန်ပေးသွားမည်ဟု ကတိပေးခဲ့သည်။

မစ္စတာ ပရီမာဒါက ဆင်းရဲမှုတိုက်ဖျက်ရေးနှင့် လူနေအိမ်ရာများ အဆင့်မြှင့်တင်ရေးကို အလေးထားသည်။

၎င်းတွင်လည်း ထောက်ခံသူအများအပြားရှိသည်။ ပရီမာဒါဆာ၏ ဖခင်မှာလည်း သီရိလင်္ကာနိုင်ငံ၏သမ္မတဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် တမီလ်ကျားသူပုန်များ၏ လုပ်ကြံသတ်ဖြတ်မှုခံခဲ့ရသည်။ ပရီမာဒါဆာအနေဖြင့် လက်ရှိတွင် အိမ်ရာစီမံခန့်ခွဲရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသည်။

အီစတာဗုံးပေါက်ကွဲမှုနှင့် ကြုံတွေ့ခဲ့ရသော ရှာဟီနီကဗုံးပေါက်ကွဲမှုဖြစ်ပွားသောနေရာသည် ၎င်း၏နေအိမ်နှင့် အလွန်နီးကပ်သောကြောင့် သေဆုံးနိုင်သည်ဟု ယူဆကြောင်း ပြောကြားသည်။

လက်ရှိသီရိလင်္ကာအစိုးရသည် ပြည်သူများအား ကာကွယ်ပေးရန် ပျက်ကွက်နေကြောင်း ပြည်သူအများစုက ယူဆနေကြသည်။ ၎င်းအချက်မှာ အာဏာရပါတီ၏ ကိုယ်စားလှယ်လောင်းဖြစ်သော ဆဂျစ်ပရီမာဒါဆာအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

လက်ရှိသမ္မတ မက်သရီပါလာ ဆရီဆီနာမှာ မစ္စတာ ( ရာဂျာပါစကာအား ၂၀၁၅ ခုနှစ်တွင် အနိုင်ရရှိပြီး သမ္မတ ဖြစ်လာခဲ့သည်။ ၎င်းအနေဖြင့် နောက်တစ်ကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရန် ဆောင်ရွက်တော့မည် မဟုတ် တော့ချေ။

မစ္စတာ ဂိုတာဘာရာ ရာဂျာပါစကာက သီရိလင်္ကာ နိုင်ငံအား အကူအညီများစွာ ပေးအပ်နေသော တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်သွားမည်ဟု ကတိပြုခဲ့သည်။ မစ္စတာ ပရီမာဒါက အိန္ဒိယနှင့် အမေရိကန်အား မှီခိုလိုသော သဘောထားရှိနေသည်။

ဂိုတာဘာရာသည် အမျိုးသားရေးလှုပ်ရှားမှုတစ်ရပ်အနေဖြင့် နိုင်ငံ၏လုံခြုံရေးနှင့် အကြမ်းဖက်သမားများ နှိမ်နင်းရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူများအား ကတိပေးခဲ့သည်။

ဂိုတာဘာရာ၏အစ်ကိုဖြစ်သူ မဟင်ဒါ ရာဂျာပက် စကောအုပ်ချုပ်စဉ်ကာလအတွင်း ၎င်းတို့နှစ်ဦး ပူးပေါင်းပြီး စစ်တပ်ကို သေချာစွာ စီမံအုပ်ချုပ်နိုင်ခဲ့ရုံသာမက ၃၇ နှစ်မျှ ကြာမြင့်ခဲ့သော နိုင်ငံ၏ ပြည်တွင်းစစ်ကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။ သူ၏မိသားစုက စက်ရုပ်ဟုအမည် ပေးထားသော ဂိုတာဘာရာသည် ယခုရွေးကောက်ပွဲအား မဲအားလုံး၏၅၂ ဒသမ ၂၅ ရာခိုင်နှုန်းရရှိပြီး အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲရလဒ်ဆိုင်ရာ တရားဝင်ကြေညာချက်အရ သိရသည်။ ဂိုတာဘာရာ၏ အဓိကပြိုင်ဘက်ဖြစ်သော ဆဂျစ်ပရီမာဒါဆာမှာ မဲအားလုံး၏ ၄၁ ဒသမ ၉၉ ရာခိုင်နှုန်းသာ ရရှိခဲ့သဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ဆဂျစ်က ဂိုတာဘာရာအားချီးကျူးစကားပြောဆိုခဲ့သည်။ ပရီမာဒါဆာအနေဖြင့် တမီလ်လူနည်းစုများ၏ ဒေသတွင် အနိုင်ရခဲ့သော်လည်း ဆင်ဟာလီလူမျိုးများ နေထိုင်ရာဖြစ်သောဒေသတွင် ရှုံးနိမ့်ခဲ့သည်။ ယခုရွေးကောက်ပွဲမှာ ငြိမ်းချမ်းသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။

ကိုးကား-ဘီဘီစီ၊ အေအက်ဖ်ပီ
ဘာသာပြန်-စိုးသူရ