ငြိမ်းချမ်းမှုမျှော်ရည်သန်ရာ အများပေါင်းစုလှူဒါန်းရာ စေတီသာကို ကြည်ညိုဖွယ်ဖူးတွေ့နိုင်တော့မည်

ရှင်မင်း

 

ရွှေကြာသင်္ကန်းဖြင့် တင့်တယ်သပ္ပာယ်ဟန် ပေါ်လွင်နေပြီဖြစ်သည့် ထာဝရငြိမ်းချမ်းရေးစေတီတော်မှ အနန္တနယသမန္တ ပဋ္ဌာန်းကျမ်းတော်မြတ်ကြီး ရွတ်ဖတ်ပူဇော်သံသည် စေတီတော်အနီးတစ်ဝိုက် ပျံ့လွင့်လျက်ရှိသည်။ ပဋ္ဌာန်းကျမ်းတော် မြတ်ကြီး ရွတ်ဖတ်ပူဇော်သံကြောင့် ရာဇသင်္ဂဟလမ်းပေါ် ဖြတ်သန်းသွားကြသည့် ရဟန်းရှင်လူ ပြည်သူအများသည် တည်ထားမှု ပြီးလုနီးနီး စေတီတော်မြတ်ဆီ အာရုံပြု ဦးခိုက်ပူဇော်ကြသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည့် ထာဝရ ငြိမ်းချမ်းရေးစေတီတော်၏ အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မင်္ဂလာအကြို အသံမစဲ မဟာ ပဋ္ဌာန်းကို သံဃာတော်များက ထာဝရငြိမ်းချမ်းရေး စေတီတော်၌ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်တာ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ် မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးမြောက်ပြီဖြစ်၍ တည်ဆောက် မှု အချောသတ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းမှု မျှော်ရည်သန်၍ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီး ၌ တည်ထားကိုးကွယ်ရာ ထာဝရငြိမ်းချမ်းရေးစေတီတော် ကို ကြည်ညိုဖွယ် ဖူးတွေ့နိုင်တော့မည်ဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင်းတ ရာဖြစ်သော ထာဝရအငြိမ်းဓာတ်ဖြစ်သည့် မြတ်နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိစေရန် ရည်သန် ၍ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက အမှူး ပြုသော စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်း မှုဖြင့် ထာဝရငြိမ်းချမ်းရေးစေတီတော်ကို တည်ထားခဲ့ ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးမေတ္တာဓာတ်များ ပေါင်းစုရာနေရာ

“အလှူငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူငွေ ထည့်ဝင်တိုင်း ထည့်ဝင်တိုင်း ‘ဤကောင်းမှုကြောင့် မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေး အမြန်ဆုံး ရရှိပါစေ’ လို့ ဆုတောင်းမေတ္တာပို့သမယ်ဆိုရင် အလှူ ငွေတိုင်း၊ အလှူငွေတိုင်းမှာ ငြိမ်းချမ်းရေးရစေချင်တဲ့ ဆန္ဒဓာတ်၊ ငြိမ်းချမ်းရေးရပါစေဆိုတဲ့ မေတ္တာဓာတ်တွေ စိမ့်ဝင်ပျံ့နှံ့နေတဲ့အတွက် ထာဝရငြိမ်းချမ်းရေးစေတီ တော်ကြီးဟာ နိုင်ငံသူ နိုင်ငံသား ကုသိုလ်ရှင်များရဲ့ ငြိမ်းချမ်းရေးဆန္ဒဓာတ်၊ ငြိမ်းချမ်းရေးမေတ္တာဓာတ်တွေ ပေါင်းစုနေတဲ့ ဓာတ်ပေါင်းစုစေတီတော်ကြီး ဖြစ်နေပါ လိမ့်မယ်။ စေတီတော်ကြီးမှာ ကိန်းဝပ်နေတဲ့ သိန်းပေါင်း များစွာသော ဘုရားဓာတ်တော်၊ ရဟန္တာဓာတ်တော်တွေ ရဲ့ အငြိမ်းဓာတ်ကြောင့်ရော၊ ကုသိုလ်ရှင်တွေရဲ့ ငြိမ်းချမ်း ရေးဆန္ဒဓာတ်၊ ငြိမ်းချမ်းရေးမေတ္တာဓာတ်၊ ဗုဒ္ဓါနုဿတိ ကုသိုလ်ဓာတ်၊ ဗုဒ္ဓပူဇာ ကုသိုလ်ဓာတ်တွေကြောင့်ပါ ထာဝရငြိမ်းချမ်းရေးစေတီတော်ကြီးဟာ နိုင်ငံတော်မှာ ထာဝရငြိမ်းချမ်းရေး အမြန်ဆုံးရရှိဖို့အတွက် အင်အား ကြီးမားတဲ့ ကုသိုလ်အထောက်အပံ့ကြီး ဧကန်မုချဖြစ် မယ်ဆိုတာ သေချာပါတယ်” ဟု အရှင်ဆန္ဒာဓိက က ထာဝရငြိမ်းချမ်းရေးစေတီတော်နှင့် ပတ်သက်၍ မိန့်ကြား ထားသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော်ကို ပုဂံရှိ အာနန္ဒာ စေတီကို အခြေခံထားသော လိုဏ်စေတီတော်တစ်ဆူ အဖြစ် တည်ဆောက်ထားသည်။ စေတီတော်၏ ဉာဏ်တော် အမြင့်မှာ ၁၀၈ ပေရှိပြီး စေတီတော်အရံ ၈၀ ပါရှိကာ ရင်ပြင်တော်အကျယ် ၃၀၆ ပေရှိကြောင်း သိရ သည်။

စေတီတော် တည်ထားကိုးကွယ်နိုင်ရေးအတွက် ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့ ကိုးပါး၊ နာယက အဖွဲ့ လေးဦး၊ စေတီတော် တည်ဆောက်ရေးဦးစီးကော်မတီ ၁၃ ဦး၊ စေတီတော် တည်ဆောက်ရေးလုပ်ငန်းကော်မတီ ၁၉ ဦး၊ ဆပ်ကော်မတီ ရှစ်ခုတို့ကို လုပ်ငန်းတာဝန်များ သတ်မှတ်၍ ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။

မင်္ဂလာအဆင့်ဆင့် အောင်မြင်စွာကျင်းပခဲ့

ထိုသို့ ဖွဲ့စည်းပြီး ထာဝရငြိမ်းချမ်းရေးစေတီတော် အနန္တရာယိက မြေသန့်မဟာမင်္ဂလာ၊ ရတနာပန္နက်တော် တင် တွင်းတော်ဝန်း မဟာမင်္ဂလာ၊ ရတနာအုတ်မြစ်စီ မဟာမင်္ဂလာ၊ သတ္တဌာနမူလဌာပနာတော်သွင်း မဟာ မင်္ဂလာ၊ အလယ်ဌာပနာတော်သွင်း မဟာမင်္ဂလာနှင့် ပန်းလည်တိုင်စိုက်ထူခြင်း မဟာမင်္ဂလာတို့ကို အဆင့်ဆင့် အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သည်။

၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့က ထာဝရငြိမ်းချမ်း ရေးစေတီတော် တည်ထားကိုးကွယ်ရေး အနန္တရာယိက မြေသန့်မဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။ အခမ်း အနားတွင် ဆရာတော် သံဃာတော်များက ကမ္မဝါစာများ ရွတ်ဖတ်ချီးမြှင့်တော်မူခြင်း၊ ဥပါသကာများက စေတီတော် ဝတ္ထုကံ၏ သက်ဆိုင်ရာ နယ်နိမိတ်တို့တွင် ပရိတ်ကျောက် အိုးများကို မြှုပ်နှံပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်ခြင်းတို့ဖြင့် မြေသန့်မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ထာဝရငြိမ်းချမ်းရေးစေတီတော် ရတနာ ပန္နက်တော်တင် တွင်းတော်ဝန်း မဟာမင်္ဂလာအခမ်း အနားနှင့် ရတနာအုတ်မြစ်စီ မဟာမင်္ဂလာအခမ်းအနား တို့ကို ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့နှင့် ၂၄ ရက်နေ့ တို့တွင် အောင်အောင်မြင်မြင် ကျင်းပခဲ့ကြသည်။

ထာဝရငြိမ်းချမ်းရေးစေတီတော် သတ္တဌာနမူလ ဌာပနာတော်သွင်း မဟာမင်္ဂလာကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့လည်း တက်ရောက်ကြည်ညိုခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများသည် သတ္တဌာန မူလဌာပနာ ရုပ်ပွားတော် များ၊ လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ် ကြသည်။ ထို့နောက် ရွှေပါရမီတောရဆရာတော်၊ နိုင်ငံ တော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှူး ပြုသော ဘုရားဒါယကာ ဒါယိကာမများက ဌာပနာတော် များ သွင်းလှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ကာ သတ္တဌာနမူလဌာပနာတော်သွင်း မဟာမင်္ဂလာကို အောင်မြင်စွာ ကျင်းပခဲ့ကြသည်။

ထို့အတူ အလယ်ဌာပနာတော် သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့က ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ကြည်ညိုခဲ့ကြ သည်။

အလယ်ဌာပနာတွင် သွင်းလှူပူဇော်မည့် ခက်မငါးဖြာ နှင့် ပြည့်စုံသည့် ရတနာငွေဗောဓိပင်တော်၊ ဗုဒ္ဓရုပ်ပွား တော်များ၊ ရွှေတိဂုံပုံတူ ငွေစေတီတော်များ၊ ပရိက္ခရာ ရှစ်ပါး ငွေပဒေသာပင်များ၊ ငွေကြုတ်တော်များ၊ ဓာတ်တော်ငွေဆွမ်းအုပ်များ၊ ရတနာတံသင်း ငွေသေတ္တာ များ၊ ဗုဒ္ဓဇာတာတော်၊ မော်ကွန်းကြေးပြားတော်၊ မဟာ ဇေယျမင်္ဂလာ ၄၃ ဂါထာနှင့် ရွှေပေါက်ပေါက်၊ ငွေပေါက် ပေါက်တို့ကို ပင့်ဆောင်ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ပြီး ကုသိုလ်တော်မဏ္ဍပ်သို့ ပို့ဆောင် ခြင်း၊ အတွင်းစေတီတော်၏ ရွှေစင်ရွှေသား ရွှေထီးတော် နှင့် အလယ်ဌာပနာတော်များကို ဌာပနာတော်တိုက်သို့ လက်ဆင့်ကမ်း ပင့်ဆောင်ပူဇော်ပေးကြခြင်း၊ အလယ် ဌာပနာတော် သွင်းလှူပူဇော်ခြင်းတို့ဖြင့် အခမ်းအနားကို ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ပန်းလည်တိုင် စိုက်ထူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကိုလည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့ တက်ရောက်ကြည်ညို၍ ပန်းလည်တိုင်များ စိုက်ထူပူဇော်ခဲ့ကြသည်။

တန်ဆောင်မုန်းလပြည့်နေ့မှာ သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာတွေနဲ့အညီ ကျင်းပသွားမှာဖြစ်

“ထာဝရငြိမ်းချမ်းရေးစေတီတော်ကို စေတီတော် တည်ထားကိုးကွယ်ရေးဆိုင်ရာ မဟာမင်္ဂလာအခမ်း အနားကြီး ကိုးမျိုးရှိတဲ့အနက် ခြောက်မျိုးကို အောင်မြင် စွာကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ မဟာမင်္ဂလာအခမ်း အနားတွေကို ၁၃၈၁ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ သာသနာတော်ဆိုင်ရာ ထုံးတမ်းစဉ်လာတွေနဲ့အညီ ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အဆိုပါ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြား ခဲ့သည်။

ထိုသို့ စေတီတော် တည်ထားကိုးကွယ်ရန် မင်္ဂလာ အခမ်းအနားများကို အဆင့်ဆင့် ကျင်းပခဲ့ကြသကဲ့သို့ စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် အမြင့် ခြောက် ပေ၊ အကျယ် ငါးပေရှိသော စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ နှင့် ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူး တော်များကို ရဟန်းရှင်လူ ပြည်သူအများ ကုသိုလ်ယူ ပူဇော်နိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ (ကချင်၊ ချင်း၊ ရခိုင် မပါ) သို့ ဒေသစာရီ လှည့်လည်အပူ ဇော်ခံခဲ့သည်။

ထိုသို့ လှည့်လည်အပူဇော်ခံရာတွင် နိုင်ငံတစ်ဝန်းမှ ရဟန်းရှင်လူ ပြည်သူအများက စိတ်စေတနာ ထက်သန်စွာ ဖြင့် ဌာပနာပစ္စည်းများနှင့် အလှူငွေများ ထည့်ဝင်လှူဒါန်း ကြသကဲ့သို့ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့လည်း ဆက်သွယ်လှူဒါန်းခဲ့ကြသည်။

ထို့အတူ ထာဝရငြိမ်းချမ်းရေးစေတီတော် အထက် ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ ရွှေကြာသင်္ကန်း တော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားများကို နိုဝင်ဘာလ ၁၁ ရက်နေ့ (တန်ဆောင် မုန်းလပြည့်နေ့) နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူ ပြည်သူအများ ကုသိုလ်ယူနိုင်ရန် တင်ပြရေးသား လိုက်ရပါသည်။ ။

မြန်မာ့အလင်း