ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအသင့်

မတ် ၂၁၊ ၂၀၂၂

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ် ၁ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိထပ်မံတိုးမြှင့် ရပ်စဲကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးကို လိုလားသူ တိုင်းရင်းသား ပြည်သူအားလုံး သိရှိကြပြီးဖြစ်သလို ထောက်ခံလျက်လည်း ရှိကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း အလေးထား၍ အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီသုံးရပ်ကို ဖွဲ့စည်းခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ညှိနှိုင်းရေးကော်မတီတို့ ဖြစ်သည်။ တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ယခုနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း ၂၁ ကြိမ်ပြုလုပ်၍ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားသည်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီကလည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၁၆) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် EAO များနှင့် (၉) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၇) ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် (၂) ကြိမ် စုစုပေါင်း (၃၄) ကြိမ် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်၍ သက်ဆိုင်သူများ၊ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လိုပါကြောင်း၊ မိမိတို့သည် ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအသင့် ရှိနေကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (၁) နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ လက်ရှိနိုင်ငံတော်ကို တာဝန်ယူထားရသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် လည်းကောင်း၊ တပ်မတော်အနေဖြင့် လည်းကောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အထူးအလေးထား ဆောင်ရွက်နေခြင်းသည် နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေသော တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဖြစ်သည်။ ပစ္စက္ခကာလ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအရွေ့ကို မှန်ကန်စွာ နားလည်သဘောပေါက်ပြီး အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင့်တစ်ခုစီသို့ ခရီးပေါက်သွားနိုင်မည်ဖြစ်သည်။

မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းစေရေးအတွက် အဖျက်အင်အားစုများက အားထုတ်ကြိုးပမ်း နေကြရာတွင် တပ်မတော်ပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးရေးတို့အတွက် နည်းလမ်းပေါင်းစုံ ဘက်ပေါင်းစုံမှ ပြုလုပ်နေကြခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့ကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် မျှော်လင့်တောင့်တနေကြသည့် တိုင်းရင်းသား ပြည်သူလူထုအပေါင်းကို စာနာထောက်ထားကြရန်နှင့် မာန်မာန၊ အာဃာတတို့ကို ခဝါချကာ စေတနာဆန္ဒအမှန်ကို ပြသနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း