ငြိမ်းချမ်းရေးဗိမာန်ကြီး တည်ဆောက်ရာတွင် သဲတစ်ပွင့်၊ အုတ်တစ်ချပ်အဖြစ် လူတိုင်းပါဝင်

၁၀ သြဂုတ်

 

“တစ်နိုင်ငံလုံးမှာငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ရတဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးဆိုတာ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ပြည်သူပြည်သားတွေ သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်”

 

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာတွင် ယမန်နေ့က ကျင်းပခဲ့သည့် ဒေသခံပြည်သူများ စကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်းပြောကြားခဲ့ပြီး မိမိတို့အားလုံး ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ တာဝန်ရှိကြောင်းဖြင့်လည်း လမ်းညွှန်ခဲ့သည်။

 

 

ငြိမ်းချမ်းရေးဟူသည် ရန်လိုမုန်းတီးမှုနှင့် ပဋိပက္ခများကင်းစင်ပြီးမိမိတို့၏ အသက်နှင့်ခန္ဓာ အိုးအိမ်စည်းစိမ်တို့ ပျက်စီးဆုံးရှုံးရမည့်ဘေးကို အချိန်နှင့်အမျှ စိုးရွံ့ထိတ်လန့်နေရသည့် အဖြစ်မှ လွတ်မြောက်ခွင့်ရနေခြင်းဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ တစ်နည်းအားဖြင့်လည်း ငြိမ်းချမ်းရေးဆိုသည်မှာ ပြဿနာတစ်စုံတစ်ရာကို အကြမ်းဖက်မှုအလျှင်းမပါဘဲ စိတ်တူကိုယ်မျှ ပြေလည်အောင်ဖြေရှင်းကြကာ မိမိတို့လူ့အဖွဲ့အစည်းတိုးတက်ရာ တိုးတက်ကြောင်းအတွက် တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိကြခြင်းလည်းဖြစ်သည်။

 

 

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ ဘုရားရှိခိုးရာတွင် ကပ်သုံးပါးမှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းလိုကြောင်းကိုလည်း ထည့်သွင်းဆုတောင်းကြမြဲဖြစ်သည်။ ၎င်းကပ်သုံးပါးတွင် သတ္ထ္တရကပ်သည် ဓားလှံလက်နက် စစ်မက်ဘေးကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည့် ကပ်ဘေးပင် ဖြစ်သည်။ စစ်မက်ကြောင့် ကုန်သွယ်စီးပွားလယ်ယာလုပ်ငန်းများ မလုပ်နိုင်သောအခါ စားနပ်ရိက္ခာတို့ခေါင်းပါးပြီး အငတ်ပြဿနာဆိုက်၍ ဒုဗိက္ခ္တရကပ် ကျရောက်လာနိုင်သကဲ့သို့ အစာအာဟာရမပြည့်ဝသဖြင့် ကိုယ်ခံအားနည်းနေသူတို့အပေါ် ကူးစက်ရောဂါများက အလွယ်တကူစွဲကပ်ကာ ရောဂ္တရကပ်လည်း နောက်ဆက်တွဲ ကျလာနိုင်သည်သာဖြစ်သည်။

 

 

မိမိတို့နိုင်ငံတွင် ဒေသအများစုက ငြိမ်းချမ်းနေသည်။ စစ်ပွဲမရှိ။ စစ်ပွဲမရှိသောဒေသများတွင် နေထိုင်ကြသည့်ပြည်သူများမှာ စစ်၏ အနိဋ္ဌာရုံများကို မခံစားကြရ။ မိမိတို့နေထိုင်ရာ အိမ်ခေါင်မိုးပေါ်၊ မိမိတို့သားငယ် သမီးငယ်များ ကစားနေသည့် အနီးအနားဆီ အချိန်မရွေးကျရောက်ပေါက်ကွဲလာနိုင်သည့် ဗုံးဆန်အမြောက်ဆန်တို့ကို ကြောက်ရွံ့နေကြရသည့် ခံစားမှုများမှ လွတ်မြောက်ခွင့်ရနေကြသည်။ မငြိမ်းချမ်းသောဒေသများမှ စစ်ရှောင်ပြည်သူများ တစ်နည်းအားဖြင့်လက်နက်ကိုင်ဆောင်မထားသော အပြစ်မဲ့ပြည်သူများ၊ သားသည်မိခင်များ၊ အမျိုးသမီးများနှင့် ကလေးများစသည့် မိမိတို့တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ဒုက္ခများအတွက် ထပ်တူထပ်မျှ ခံစားကာငြိမ်းချမ်းသောဒေသများမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများကနားလည်စာနာမှု များ ပြသကြရမည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင်လက်နက်စွဲကိုင် တိုက်ခိုက်နေကြသည့် ပဋိပက္ခများ မိမိတို့ မြေပေါ်မှအပြီးတိုင် ပျောက်ကွယ်သွားဖို့ မိမိတို့အားလုံး ရှိရာနေရာ၊ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုမည်ဖြစ်သည်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မပြောချင်တာက ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်တယ် ဆိုတာကိုသေသေချာချာ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေသိအောင် အသံထွက်ပြီး အသိပေးကြရပါလိမ့်မယ်။ ပြည်သူတွေက ငြိမ်းချမ်းရေးလိုချင်တယ်။ ငြိမ်းချမ်းရေးမလိုချင်တာက ဘယ်သူတွေလဲဆိုတာ ပြည်သူတွေသိဖို့လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလိုချင်တဲ့ ပြည်သူတွေအားလုံး စည်းစည်းလုံးလုံးနဲ့ တစ်သံတည်းထွက်ပြီး ကိုယ်လက်လှမ်းမီရာ လက်လှမ်းမီရာ ငြိမ်းချမ်းရေးအတွက် သဲတစ်ပွင့်၊ အုတ်တစ်ချပ် ငြိမ်းချမ်းရေးဗိမာန်ကြီးကို တည်ဆောက်ရေးအတွက် ပံ့ပိုးကြပါ” ဟူ၍လည်း နှိုးဆော်တိုက်တွန်းခဲ့ရာ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးခရီးစဉ်တွင် ပြည်သူများ၏အခန်းကဏ္ဍကို ပိုမိုမြှင့်တင်၍ လူတိုင်းပါဝင်သွားကြရမည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း