ငြိမ်းချမ်းသော လုပ်ငန်းစဉ်တို့၏ အသီးအပွင့်

နေပြည်တော် ၁၆ မတ်

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အကျေအလည် ညှိနှိုင်းဆွေးနွေး သဘောတူညီချက် ရရှိပြီးဖြစ်ပါသည်။ နှစ်နိုင်ငံကြား သဘောတူထားသည့် စိစစ်ရေးပုံစံ Form နှင့်အညီ မြန်မာနိုင်ငံသည် ဟိန္ဒူဘာသာဝင် ၅၀၈ ဦး နှင့် အစ္စလာမ်ဘာသာဝင် ၇၅၀ အပါအဝင် အမည်စာရင်း ၁၂၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပြန်လည်စိစစ်လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူပေါင်း၈၀၃၂ ဦး၏ အမည်စာရင်းကို ပေးပို့ခဲ့သော်လည်း နှစ်နိုင်ငံကြား သဘောတူထားသည့် စိစစ်ရေးပုံစံ Form နှင့်အညီ ပေးပို့ခြင်းမဟုတ် သည်ကို တွေ့ရှိရပါသည်။ ဤကိစ္စရပ်၌ နှစ်နိုင်ငံကြား သဘောတူထားသည့်စိစစ်ရေးပုံစံ Form နှင့်အညီ ဆောင်ရွက်ရန်မှာ ရှင်းလင်းရန်မလိုသော မဖြစ်မနေလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဖြစ်ပါသည်။ နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံသည် လိုအပ်ချက်အရပ်ရပ်ကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများအား ပြန်လည်စိစစ်လက်ခံမည်သာမက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအားလုံး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် UNHCR နှင့် UNDP တို့၏ ကမ်းလှမ်းချက်တို့ကို သုံးသပ်လျက်ရှိသကဲ့သို့ WFP ၏ လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိပါသည်။ လက်ရှိ၌လည်း Red Cross Movement, AHA Centre, Philippiness Red Cross, Thai Red Cross Societies  နှင့် ဒေသခံလုပ်အားပေးများမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတို့ကို ပေးအပ်လျက်ရှိပါသည်။ မောင်တောမြို့နယ်အတွင်း၌ မိုးစပါးစိုက်ဧက တစ်သောင်းအား သက်ဆိုင်ရာဌာနတို့က ထယ်တစ်လွှာ၊ ထွန်နှစ်လွှာနှုန်း ထွန်ယက်ပေးသွားမည်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ စုစုပေါင်း IDP စခန်း ၁၉ ခုဖွင့်လှစ်ခဲ့သည့်အနက် နှစ်အလိုက ်IDP စခန်းများ ဖျက်သိမ်းလျက် မူလအနေအထားမျိုးသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည့်အတွက် စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် နှစ်နေရာ၌သာ IDP စခန်းတို့ ကျန်ရှိပါတော့သည်။ လက်ရှိ ရခိုင်ပြည်နယ်၏ ပြဿနာသည် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်း ၃၀ အား တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ ဤအချက်က ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့သည် စနစ်တကျစစ်ရေးလေ့ကျင့်သင်ကြားမှု ရရှိထားသော အဖွဲ့ဖြစ်သည်ကို ညွှန်ပြနေပါသည်။ သွေးထိုးလှုံ့ဆော်မှုခံထားရသည့် ကိုးကွယ်ယုံကြည်ရာ ဘာသာမတူညီသော လူ့အသိုင်းအဝန်းအတွင်း ဆောင်ရွက်ရသော စစ်ဆင်ရေး၏သိမ်မွေ့ခက်ခဲမှုကို မှန်းဆကြည့်နိုင်ပါသည်။ သို့သော် နိုင်ငံ၏တာဝန်ရှိပုဂ္ဂိုလ်တို့က နိ်ုင်ငံတကာစံချိန်စံညွှန်းများအပါအဝင် ဥပဒေနှင့်အညီ ဆောင်ရွက်သည်မှာ တပ်မတော်မှ တိုင်းမှူးတစ်ဦး၊ အရာရှိလေးဦး၊ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တစ်ဦးနှင့် တပ်ဖွဲ့ဝင်နှစ်ဦးတို့အား အရေးယူထားသည်ကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။

 

နိုင်ငံတော်၏ရပ်တည်ချက်သည် ရခိုင်ပြည်နယ်၌ လူမျိုးသုဉ်းသတ်ဖြတ်မှုမရှိ၊ ပြန်လည်ရောက်ရှိလာမည့် နေရပ်စွန့်ခွာသူတို့၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်သော အနေအထားမရှိ၊ နိုင်ငံတကာအသိုင်းအဝိုင်းက မတူကွဲပြားသော လူ့အသိုင်းအဝိုင်းနှစ်ရပ်အကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးနှင့် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့၏ ဘေးအ္တရာယ်တို့မှ ကာကွယ်နိုင်ရေးတို့ကိုသာ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသော ဝါဒဖြန့် မှိုင်းတိုက်မှုကြောင့် ရခိုင်ပြည်နယ်၌ ဆိုးရွားသောကိစ္စရပ်တို့ ဖြစ်ပွားခဲ့သည်ဟု ကုလသမဂ္ဂမှ ထင်မှတ်မှားခြင်းဖြစ်ခဲ့လျှင်တောင်မှ R2P ကဲ့သို့သော စစ်ရေးအရ အရေးယူရမည်။ (လက်တွေ့၌လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံအပေါ် R2P ကို ဆောင်ရွက်နိုင်သော အနေအထားမရှိ )ဟူသော ပြောဆိုမှုတို့ကို ယတိပြတ်ငြင်းပယ်ရမည် ဖြစ်ပါသည်။ လစ်ဗျားနှင့်အီရတ်ကဲ့သို့သော နိုင်ငံတို့၏အနေအထားကို သုံးသပ်ပါက စစ်ရေးအရ ဖြေရှင်းမှုသည် မတူကွဲပြားသော လူ့အသိုင်းအဝိုင်းနှစ်ရပ်၏ ပဋိပက္ခတို့ကို မဖြေရှင်းနိုင်သည်သာမက ပို၍ပို၍ ဆိုးရွားစေသည့်အပြင် ပြည်သူတို့အား ကြေကွဲဖွယ်ရာ ဆင်းရဲဒုက္ခတို့ကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းနိုင်ရေးသည် လူ့အခွင့်အရေးရရှိခံစားရေးနှင့်အတူ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်လုံခြုံရေးတို့ပါ ဖြစ်ပေါ်နိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းလက်တွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ 

 

မြန်မာ့အလင်း