နေပြည်တော် အောက်တိုဘာ ၁၇
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အစီအစဉ်အဖြစ် “ငြိမ်းချမ်းသောမြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေး ပွဲတတိယနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ကျောက်စိမ်း ခန်းမ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစား အရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ မီဒီယာများနှင့်လေ့လာသူများ တက်ရောက်ကြသည်။
ထို့နောက် “NCA ၁၀ နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်မှုများ၊ အောင်မြင်မှုများနှင့် သင်ခန်းစာများကို သုံးသပ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်စုံလင်စွာ ပါဝင်လာနိုင်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စိန်ခေါ်မှုနှင့် ပြဿနာ အကြောင်းအရာများအပေါ် ရေတို၊ ရေရှည်ဆောင်ရွက် နိုင်မည့်နည်းဗျူဟာများဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ သဘာပတိ ဗိုလ်ချုပ်စိုးနိုင်ဦး (ငြိမ်း) က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ငြိမ်းချမ်းရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဦးအောင်နိုင်ဦး၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းနှင့် ဦးမျိုးဝင်းတို့က ဦးဆောင်ဆွေးနွေးကြသည်။
ယင်းနောက် စကားဝိုင်းအလိုက် ဆွေးနွေးကြပြီး စကားဝိုင်းအလိုက် ကိုယ်စားလှယ်များက အကြံပြုချက်များ တင်ပြဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းအပေါ် သဘာပတိနှင့် ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပရာ ဆွေးနွေးချက်အကြောင်း အရာများအပေါ် သဘာပတိ ဗိုလ်ချုပ်စိုးနိုင်ဦး (ငြိမ်း) က ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးမှုရလဒ်များ စုစည်းချက်အား တင်ပြခြင်း၊ NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့သူ ဦးအောင်မင်းက “ငြိမ်းချမ်းသော မြန်မာ့အနာဂတ် တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် KNU/KNLC-PC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် NCA အသိသက်သေ ဦးဇိုဇမ်တို့က ကျေးဇူးတင်စကား ပြောကြားကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း) တို့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ကြပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်စကား ပြောကြားသည်။
အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေး စက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း တို့ကို သရုပ်ပြရှင်းလင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


